နှစ် ၂၅၀၀ ကျော်တန် အသုံးမဝင်မှု

နှစ် ၂၅၀၀ ကျော်တန် အသုံးမဝင်မှု

, စချင်းတုန်းက "အဲ့နေရာမှာ ကြေးခေတ် (Bronze Age) တုန်းက သင်္ချိုင်းတခုရှိတယ်" ဆိုတော့ အံ့သြမိတယ်။ စာတွေ ပေတွေထဲမလည်း မဖတ်ဖူးဘူး၊ သမိုင်းနဲ့လည်း အဆက်ပြတ်၊ ရှေးဟောင်းပညာနဲ့ကလည်း ဝေးလေတော့ ပုံတောင်၊ ပုံညာလောက်ကိုပဲ စာထဲ တွေ့ဖူးတာ။ ကြေးခတ်သင်္ချိုင်းဆိုတာ ရှိပါ့မလားပေါ့။

သူလို ငါလိုပဲ ရောက်သွားခဲ့တယ်။

 

မုံရွာ - ရေဦး ကားလမ်းကြီးပေါ်ကနေ ဘုတလင်အရောက် ကားလမ်းကနေ အတွင်းထဲကို ၁ နာရီခွဲလောက် ဝင်ရတယ်။ ဆိုင်းပုဒ်ထောင်ထားတာ "ညောင်ကန် ကြေးခေတ် သသင်္ချိုင်းသို့" ဒီလောက်ပဲ။ အော... အင်း ပေါ့။ အတွင်းလမ်းက ချိုင့်တွေ၊ ခွက်တွေနဲ့ ဆိုးလွန်းတယ်။

 

ကြေးခေတ်သင်္ချိုင်းဆိုလို့လည်း ကြီးကြီးမားမား ထည်ထည်ဝါဝါကြီးရယ် မဟုတ်လှပါဘူး။ သွပ်နန်းကြိုးတွေ ပတ်လည်ကာထားတဲ့ အမိုတွေမိုးထားတဲ့ အဆောင်ကလေးတွေနဲ့ ခြံဝန်းတခုပါပဲ။ အဆောင်တခုကို စဝင်တော့ လူပုံစံ အရိုးတွေနဲ့ အိုးတွေအစီအရီတွေ့ရတယ်။

 

အဆောင်အားလုံး ၅ ခုရှိတာမှာ အများစုက လူတကိုယ်လုံး အရိုးစုတွေ၊ အရိုးတပိုင်းတစတွေနဲ့ အိုးခြမ်းပဲ့တွေ၊ အိုးတွေချည်းပါပဲ။ အားလုံးကို အလူမီနီယံ မှန်ဘောင်နဲ့ သွင်းပြီး ထိန်းထားတာ တွေ့ရတယ်။

 

ဒါတွေဟာ ဘာတွေလဲ ဆိုတာ သေချာ ရေးသားပြထားတဲ့ ဗနိုင်း၊ ဆိုင်းဘုတ်၊ လေဗယ် တခုမှ မတွေ့ရပါဘူး။ မှတ်တမ်းမှတ်ရာ အပြောအရ နှစ် ၂၅၀၀ ကျော်က ကြေးခေတ်လူတွေရဲ့ သချိုင်္င်းတခု ဖြစ်တယ်လို့သာ သိရတယ်။

 

၁၉၉၇ လောက် "ထောက်လှမ်းရေး ၂၀" က ဒီရှေးဟောင်းနေရာကို တာဝန်ယူကိုင်တွယ်ခဲ့တယ်လို့ သိရတယ်။ ဒီထဲက ရှေးဟောင်း အဖိုးတန်ပစ္စည်းတွေနဲ့ တချို့အရာတွေကတော့ ပြတိုက်တွေဆီကို ရောက်ကုန်ပြီလို့ဆိုတယ်။ ဘယ်သူ့လက်ထက်မှာ ဘယ်သူက ဘယ်လောက်အတိုင်းတာထိ ယူသွားခဲ့သလဲဆိုတာတော့ စာရင်း၊ အင်း မှတ်တမ်း မှတ်ရာ တခုမှ မရှိပါဘူး။

 

အစိုးရအဆက်ဆက်မှာ နိုင်ငံရေးပုံရိပ်တွေနဲ့ ပြဿနာတချို့ကြောင့် မျက်နှာလွှဲခံထားရတဲ့ ဒီသင်္ချိုင်းအကြောင်း ရေးမှတ်ထားတဲ့ စာအုပ်၊ စာပေလည်း (ကျနော် ရှာဖွေ၊ မေးစမ်း ကြည့်ရသလောက်) မတွေ့ရပါဘူး။ စိတ်ဝင်စားမှုလည်း အတော် နည်းတာ တွေ့ရပါတယ်။

 

ဒီနေရာကို အများစုရောက်ကြတာက ပြည်တွင်း တက္ကသိုလ်တွေက လေ့လာရေးကျောင်းသားတွေနဲ့ ပုဂ္ဂလိကအဖွဲ့တွေ၊ စိတ်ဝင်စားတဲ့ တဦးတယောက်ချင်း လေ့လာသူတွေ။ နိုင်ငံခြားသားတွေထဲတော့ ပြင်သစ်နိုင်ငံသားတွေ အများဆုံးရောက်တယ်လို့ ဧည့်မှတ်တမ်းမှာ တွေ့ရတယ်။

 

ကျနော်တို့ ဆီမှာက လွန်ခဲ့တဲ့ ၅ နှစ်လောက်က တည်ခဲ့တဲ့ဘုရားကို "ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်" ဆိုပြီး ဆိုင်းဘုတ်အကြီးကြီး တပ်ပြီး အလှူငွေထိုင်ယူနေကြတာ နေရာတိုင်းပဲ။ သမိုင်းဝင်/မဝင်ကတော့ ထားဦး၊ လူတွေက သောက်သောက်လဲ အလှူငွေထည့်ကြတယ်။

 

ဘုရားကြီးတွေ ဟီးလို့၊ ဆိုင်းဘုတ်ကြီးတွေ ကြွ၊ ရွ လို့။ ပြီးရင်တော့ အဲ့ဒီဒေသဟာ ဆင်းရဲရင်းဆင်းရဲမြဲ၊ နုံခြာမြဲ။ ဘုရားတွေနဲ့ ဂေါပကတွေသာ ချမ်းသာ သွားကြစမြဲ။

ဒီ နှစ် ၂၅၀၀ ကျော်က သင်္ချိုင်းဟောင်းကို တွေ့တော့ ဒီထက်ရှေးကျဖို့တော့ မရှိတော့ဘူး၊ ဒီထက် သမိုင်းဝင်ဖို့တော့ မရှိနိုင်တော့ဘူးလို့ တွေးမိတယ်။

 

တနိုင်ငံလုံးအတိုင်းအတာနဲ့တောင် မဆိုလိုဘူး။ ဒီဒေသမှာ နွားမွေး၊ ဝါစိုက်၊ ပဲစိုက်ပြီး အသက်မွေးနေရတဲ့ ဒေသခံတွေအဖို့ ဒီနေရာကြီးဟာ တန်ဖိုးဖြတ်မရနိုင်တဲ့နေရာတခုဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဘယ်လောက်ထိ အထောက်အကူဖြစ်စေနိုင်တာဆိုတာ လုပ်ပေးရမယ့် တာဝန်ရှိပါတယ်။

 

ခရီးသွားလုပ်ငန်း၊ ရှေးဟောင်းယဉ်ကျေးမှုနဲ့အတူ ဒေသဖွံ့ဖြိုးရေးနဲ့ ပညာရေးစီမံကိန်းတွေပါ ဒီ ရှေးဟောင်းဇုံဖွံ့ဖြိုးရေးနဲ့ တွဲပါလာမှာ ဖြစ်ပါတယ်။ ဒီသင်္ချိုင်းကို သွားတဲ့လမ်းမှာပဲ မြန်မာနိုင်ငံရဲ့သမိုင်းထဲ အကျော်အမော် ဆရာတော် ဦးဗုဓ်ရဲ့ ကျောင်းဇရပ်တဆောင်လည်း ရှိပါသေးတယ်။

 

ဒါပေမယ့် ဒီလိုရှေးဟောင်း (အခိုင်အမာ အမှန်အကန်) သမိုင်းထဲမှာရှိခဲ့တဲ့ တန်ဖိုးမဖြတ်နိုင်တာတွေဟာ မှေးမှိန်နေပြီး အစိုးရနဲ့အတူ လုပ်ပိုင်ခွင့်ရှိသူတွေ၊ လုပ်နိုင်သူတွေရဲ့ ဘေးပစ်ထား၊ မသိနားမလည်မှုတွေကြောင့် နှစ် ၂၅၀၀ ကျော် ရှေးဟောင်းနေရာတခုဟာ အသုံးမဝင်တဲ့နေရာကြီးလို ဖြစ်နေတော့တယ်။

 

ဓာတ်ပုံ - တေဇလှိုင်/Frontier Myanmar



About Mratt

သတင်း၊ ဆောင်းပါးနဲ့ ဖန်တီးစာတွေ ရေးတယ်။ စာရေးခြင်းနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုတယ်။ ကဗျာတွေကို ချစ်တယ်၊ ဂစ်တာ နည်းနည်း တီးတယ်။ Blues ကို သစ်ရွက်ခြောက်တွေကြား ခံစားတယ်။ ရံဖန်ရံခါ Heavy Metal တွေ နားထောင်တယ်။ Fixed Gear စက်ဘီး စီးတယ်။ ဘာသာတရားကိုးကွယ်မှုကို လေးစားပေမယ့် မယုံကြည်ဘူး။