သာသနာပြုများနဲ့ အတွေးတစ

သာသနာပြုများနဲ့ အတွေးတစ

"သာသနာပြုနေသော ဘုန်းတော်ကြီး နေရီနီ (Fr. Paolo Nerini) နှင့် ကိုရင် ကာပဲလို (Br. Angleo Cappello) တို့သည် စာသင်ကျောင်းနှင့် ဆေးခန်းဖွင့်ခွင့်ကို ဗညားဒလထံမှာ ခွင့်ပြုမိန့် ရရှိသည်။ ဘုန်းတော်ကြီး နေရီနီမှ ဘုရားရှိခိုးကျောင်းနှင့် စာသင်ကျောင်း ဆောက်လုပ်ရာ အာမေးနီးယန်းကုန်သည် နီကိုးလတ် ဒီ အာကွီလာ (Nicolas de Aquilar) က ငွေလှူဒါန်းခဲ့သည်။"

 

"ထိုစာသင်ကျောင်းတွင် ကျောင်းသားတို့အတွက် အဆောင်ထားရှိပြီး ကျေင်းသား ၄၀ ခန့် ရှိသည်။ စာသင်သားတို့မှာ မွန်၊ မြန်မာ၊ အာမေးနီးယန်းနှင့် ပေါ်တူဂီတို့ဖြစ်သည်။ ဥရောပရှိ သာသနာ့တက္ကသိုလ်များကဲ့သို့ လက်တင်ဘာသာ၊ သင်္ချာ၊ ပထဝီဝင်နှင့် ရေကြောင်းဆိုင်ရာ ပညာရပ်များ သင်ကြားပေးသည်။"

 

"ထိုအချိန်က သန်လျင်သည် ဆိပ်ကမ်းမြို့ဖြစ်သဖြင့် သင်ရိုးတွင် ရေကြောင်းဆိုင်ရာပညာရပ်ကို ထည့်သွင်းသင်ကြားပေးခဲ့သည်။ လက်တင်စာပေသည် ဥရောပတိုက်၏ ဂန္တဝင်စာပေဖြစ်ပြီး ပေါ်တူဂီစာပေမှာ စီးပွားရေးသုံး ဘာသာစကားဖြစ်ခဲ့သည်။"

- ကိုးကား

Daw Monica, သမိုင်းအထောက်အထားများမှ မြန်မာ့ ကက်သလစ် အသင်းတော်၊ စာမျက်နှာ (၂၄-၂၅)

 

ကျနော် ဒဂုံတက္ကသိုလ်မှာတက်တုန်းက လက်ပံတန်း၊ ကြို့ပင်ကောက်၊ တောင်ကုတ်၊ ကျိုင်းတုံ၊ မန်းလေး စသဖြင့်ဒေသစုံက လူသစ်၊ သူငယ်ချင်းသစ်တွေနဲ့ တွေ့တော့ ကိုယ့်ကျောင်းသားဘဝကို ကျေနပ်၊ ပျော်ရွှင်ခဲ့ဖူးတယ်။

 

မြန်မာမင်းတွေလက်ထက်မှာ ကက်သလစ် ခရစ်ယန်၊ သာသနာပြုတွေကျေးဇူးကြောင့် အာမေးနီးယန်း၊ ပေါ်တူဂီတို့နဲ့ ကျောင်းအတူတက်ခဲ့ကြတဲ့ မြန်မာ၊ မွန်တွေကို မြင်ယောင်ကြည့်တော့ ကြက်သီးထမိတယ်။ ဘယ်လောက်တောင် များပြားကျယ်ပြန့်တဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေကို ရင်းနှီးကျွမ်းဝင်ခဲ့ကြလေမလဲ...

 

ခုချိန်မှာ လက်တင်ဘာသာစကားဆိုတာ ရှေးကျတဲ့ ဂန္တဝင် ဘာသာစာပေကြီးဖြစ်နေပြီ။ ဒီဘာသာစကားကို မွန်တွေ၊ မြန်မာတွေဟာ သင်ယူခွင့်ရရှိခဲ့ကြတယ်။ ဒီအတွက် အဆက်ဆက်က ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ သာသနာပြုခဲ့ကြတဲ့ ဘုန်းတော်ကြီး (Father) တွေကိုလည်း စိတ်ထဲက ကျေးဇူးတင်မိတယ်။ ဒီထဲက ဘုန်းတော်ကြီးအချို့ဟာလည်း အသိပညာချို့တဲ့တဲ့ မြန်မာမင်းတချို့ကြောင့် သတ်ဖြတ်ခံခဲ့ရသေးတယ်။

 

ကျနော်တို့ဆီမှာ ငဇင်ကာ (De Brito)၊ ငရမန်ကန်းကနေအစ၊ ဖန်ချက်ဝန်ဦးမြူအထိ၊ နိုင်ငံခြားသား၊ ဘာသာမတူ၊ လူမျိုးမတူသူတွေဟာ မြန်မာ့နိုင်ငံရေးမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့ကြပေမယ့် သမိုင်းထဲမှာ နာမည်ဆိုးနဲ့ ဗီလိန်တွေအဖြစ် ဖော်ပြခဲ့ကြပြီး သမိုင်းဟာ အရိုင်းတွေ ဖြစ်ခဲ့တယ်။

 

ဗြိတိသျှရဲ့ ကိုလိုနီခေတ်အထိ အာမေးနီးယန်း၊ ပါရှန်း၊ ပေါ်တူဂီတွေဟာ တိုင်းပြည်ရဲ့ စီးပွားရေး၊ နိုင်ငံရေးတွေမှာ ထဲထဲဝင်ဝင်ပါခဲ့သလို မြန်မာဟာ အင်မတန် အဝင်/အထွက်များတဲ့ multi-culture နေရာကြီးတခုဖြစ်ခဲ့တယ်ကို တွေးကြည့်မိရင် ရင်သပ်ရှုမောဖွယ်ပဲ။ လွတ်လပ်စွာကိုးကွယ်ခွင့်၊ ပြောဆိုခွင့်၊ ကုန်သွယ်ခွင့်တွေဟာ ဘာသာမတူ၊ စကားမတူ၊ လူမျိုးမတူတွေကြား ရင့်သန်ခဲ့တယ်။

 

မင်းကောင်းတပါးကြောင့် သမိုင်းဟာ လှနိုင်သလို၊ မင်းဆိုးမင်းညစ်တပါးကြောင့် နိုင်ငံတခု၊ တိုင်းပြည်တခုရဲ့ ပညာရေး၊ စီးပွားရေးကနေ စစ်ရေးအထိ စုတ်ပြတ်နုံချာသွားနိုင်တယ်။ ခုချိန်မှာ ဝမ်းနည်းစိတ်ဖြစ်မိသလို ယူကျုံးမရ ခံစားရတယ်။

 

ဓာတ်ပုံ - Adoniram Judson (wiki)



About Mratt

သတင်း၊ ဆောင်းပါးနဲ့ ဖန်တီးစာတွေ ရေးတယ်။ စာရေးခြင်းနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုတယ်။ ကဗျာတွေကို ချစ်တယ်၊ ဂစ်တာ နည်းနည်း တီးတယ်။ Blues ကို သစ်ရွက်ခြောက်တွေကြား ခံစားတယ်။ ရံဖန်ရံခါ Heavy Metal တွေ နားထောင်တယ်။ Fixed Gear စက်ဘီး စီးတယ်။ ဘာသာတရားကိုးကွယ်မှုကို လေးစားပေမယ့် မယုံကြည်ဘူး။