ဝဋ်ကြွေး

ဒီတကြိမ်၊ မောင်တောကို သွားရတာ ကျနော့်အတွက် အမြင်တွေ အများကြီး ပြောင်းလဲ သွားခဲ့ရတယ်။ သတင်းလုပ်သက်တလျှောက် သိခဲ့၊ နားလည်ခဲ့ရတာတွေ တော်တော်များများဟာ ဒီခရီးက ကျနော့်ကို အများကြီး ပြောင်းလဲ ပေးလိုက်တယ်။ ရခိုင်၊ မွတ်ဆလင်၊ အစိုးရ၊ စစ်တပ်၊ နောက်ပြီး အကြမ်းဖက်သမား စသဖြင့် သူတို့ တစုချင်းအပေါ် ကျနော့် အမြင်တွေလည်း ပြောင်းလဲ သွားခဲ့တယ်။ တဖက်မှာ ကိုယ့်နားလည်မှုအတွက် ကြေနပ်မိသလို တဖက်မှာ ခံစားချက်အရ ဝမ်းနည်းစိတ်ဖြစ်မိတယ်။

စာမျက်နှာပေါ်မှာ စာတကြောင်းပါသွားဖို့ ရေးသားရတာမှာ “ပြေးလွှားနေကြရသည်” လို့ သုံးမလား၊ “ပြေးလွှားနေကြသည်” လို့ သုံးမလား၊ “ရ” တလုံးထည့်မလား၊ မထည့်ဘူးလား၊ “မီးလောင်ပြင်များ တွေ့ရသည်” လို့ ရေးမလား၊ “မီးလောင်ပြာကျနေသည်” လို့ ရေးမလား၊ “မွတ်ဆလင်ရွာသားများ” လို့ သုံးမလား၊ “မွတ်ဆလင်များ” လို့ပဲ သုံးမလား စသဖြင့်…အကြပ်အတည်း ရိုက်နေချိန်…

“ဟိန္ဒူဘာသာဝင်များ ဒုက္ခ ရောက်နေကြသည်” လို့ ရေးကြရာမှာ၊ “ဘာသာဝင်” ဆိုတာကို ထည့်သင့်သလား၊ မထည့်သင့်ဘူးလား၊ ဒီစကားလုံးဟာ ဘယ်အတိုင်းအတာထိ ရောက်သွားမလဲ၊ “အကြမ်းဖက်သမား” ဆိုတဲ့ စကားလုံးနဲ့ တဖက်က “ဒုက္ခရောက်နေကြတဲ့ မွတ်ဆလင်တွေ” ဆိုတဲ့ စကားလုံးကို ရေးရာမှာ တလုံးနဲ့ တလုံး အရမ်းကြီး နီးကပ်သွားမလား ချွေးပြန်လောက်အောင် ခေါင်းကိုက်နေချိန်…

စစ်တပ်ရဲ့ တပ်မ၊ တပ်ရင်း တွေကို ထည့်ရေးသင့်သလား၊ လုံခြုံရေး မလုံလောက်တာကို ဘယ်လိုစကားလုံးနဲ့ ဖော်ပြရမလဲ၊ ပေါက်သွားတဲ့ ဗုံးရဲ့ အတိုင်းအဆကို ဗုံးရှိတဲ့လမ်းပေါ်မှာ စဉ်းစားတွက်ချက်နေရချိန်…

ဒါတွေကို ဒီနေ့ ရေးမလား၊ မနက်ဖြန်ရေးမလား၊ ခု ဘယ်နေရာ ရောက်နေသလဲ၊ မနက်ဖြန် ဘယ်နေရာမှာရှိမလဲ စသဖြင့် မသေမချာဖြစ်နေချိန်၊ စာတကြောင်းကို ရေးလိုက်လို့၊ ကိုယ့်လုံခြံုရေး၊ ကိုယ့်သတင်းထဲ ပါနေသူတွေရဲ့ လုံခြံုရေး၊ ဒါရဲ့ သက်ရောက်မှုကို ဆက်တိုက်စဉ်းစားနေရချိန်...

ကိုယ်သိထားတာ၊ တွေ့ထားတာတွေကို အားလုံး ပြောလို့မရဘဲ စကားလုံးအကြပ်အတည်း၊ ဘာသာစကားအကြပ်အတည်း၊ လုံခြံုရေးအကြပ်အတည်းထဲ ရောက်နေချိန်၊ အသက်အန္တရယ်ခြိမ်းခြောက်ခံနေရချိန်၊ မြင်တွေ့ရတဲ့ ဒုက္ခသည်တွေရဲ့ မျက်ရည်တွေ၊ ကလေးတွေရဲ့ ငိုသံတွေ...

သေသူတွေရဲ့အလောင်းတွေ၊ အောက်ခြေ လုံခြံုရေးအဖွဲ့တွေရဲ့ ခံစားချက်မဲ့ မျက်နှာတွေ၊ သေနတ်တွေ၊ မိုင်းတွေ၊ တဖက်မှာ ယုတ်မာလှတဲ့ နိုင်ငံရေးလှည့်ကွက်တွေ၊ ကောက်ကျစ်စဉ်းလဲမှုတွေ ကို သိမြင်ပြီး တကြိမ်တည်း၊ တပြိုင်နက်တည်း ခံစားနေရချိန်…

တဖက်မှာ ရေးချင်တိုင်းရေး၊ စွတ်စွဲချင်တိုင်းစွတ်စွဲ၊ ရင့်သီးကြောက်မက်ဖွယ်စကားလုံးတွေ ထည်လဲသုံး၊ လူတွေကို ခြောက်လှန့်၊ ညအိပ်ရာဝင်တိုင်း လူတွေကို မလုံခြံုမှု ခံစားစေချင်တဲ့ သွေးထိုးမှုတွေ၊ မသိနားမလည်မှုတွေ၊ အဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ်အသီးသီးရဲ့ ကိုယ်ကျိုးရှာမှုတွေကို မြင်ရတော့…

စက္ကန့်တိုင်း စက္ကန့်တိုင်း၊ ဖိစီးလာတဲ့ ဖိအားတွေနဲ့အတူ ဒီအလုပ်ကို မစွန့်လွှတ်နိုင်ဘဲ လုပ်နေမိသလို စိတ်ဓါတ်ကျ၊ ပြေးစရာနေရာမရှိဘဲ ဝဋ်ကြွေး တခုလို ခံစားနေရတော့တယ်။



About Mratt

သတင်း၊ ဆောင်းပါးနဲ့ ဖန်တီးစာတွေ ရေးတယ်။ စာရေးခြင်းနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုတယ်။ ကဗျာတွေကို ချစ်တယ်၊ ဂစ်တာ နည်းနည်း တီးတယ်။ Blues ကို သစ်ရွက်ခြောက်တွေကြား ခံစားတယ်။ ရံဖန်ရံခါ Heavy Metal တွေ နားထောင်တယ်။ Fixed Gear စက်ဘီး စီးတယ်။ ဘာသာတရားကိုးကွယ်မှုကို လေးစားပေမယ့် မယုံကြည်ဘူး။