ယူဂန်ဒါက ငှက်ပျောသီးနဲ့ ဧည့်သည်များ

တနေ့တုန်းက ယူဂန်ဒါနိုင်ငံက လွှတ်တော်အမတ်တယောက်နဲ့တွေ့တော့ စကားပြော မိတ်ဆွေ ဖွဲ့ဖြစ်တယ်။ ကျနော်က သတင်းထောက်ဆိုပြီး မိတ်ဆက်တော့ ဝမ်းသာအားရနဲ့ သူမှာ ပြောစရာတွေ တပုံတပင်ပဲတဲ့။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း စိတ်ဝင်စားသတဲ့။

သူနဲ့ပြောတာ (၂) နာရီလောက်ကြာတယ်။ ဒါပေမယ့် သေသေချာချာမှတ်မိနေတာက သူပြောခဲ့တဲ့ ဇာတ်လမ်းတိုလေးတပုဒ်ပါ။ သူကိုယ်တိုင် ဝင်ရောက်အရွေးခံခဲ့တဲ့ မဲဆန္ဒနယ်ကလေးတခုအကြောင်းပေါ့။

အဲ့ဒီနယ်မြို့ကလေးက ယူဂန်ဒါမှာဆို ထူးခြားတယ်လို့ ဆိုရမယ့် မြို့ကလေးတမြို့။ အရမ်းခေါင်တယ်။ နယ်စပ်အစွန်လိုနေရာမျိုး။ ထူးခြားတယ်ဆိုတာက ဒီမြို့ကလေးက လူတော်တော်များများဟာ စီးပွားရေး မယ်မယ်ရရ မလုပ်ကြဘူး။ ခေတ်မီအသုံးအဆောင်တွေနဲ့လည်း ဝေးသတဲ့။ တနယ်လုံးကလည်း စိုးရိမ်ပူပန်မှုမရှိ အေးအေးဆေးဆေးနေကြသတဲ့။

စီးပွားရေးလုပ်စရာ မလိုဘူးဆိုလို့ ဘာတွေနဲ့ လုပ်ကိုင်စားသောက်သလဲဆိုတော့ သဘာဝကပေးတဲ့ အရာတွေနဲ့တင် ပြည့်စုံနေလို့ပါ။ မြေဆီသြဇာကောင်းလွန်းတော့ ဘာစိုက်စိုက် ဖြစ်ထွန်းတယ်။ အသီးအနှံဆိုတာ အင်မတန်ပေါများတယ်။ ချောင်း၊ မြောင်းပေါ၊ ပင်လယ်နဲ့ကလည်း နီးတော့ ငါး၊ ပုဇွန်ကလည်း အလျှံပယ်။

ဆိုတော့ ဒီဒေသကလူတွေဟာ ဒီနေ့ထိလည်း လွန်ခဲ့တဲ့ နှစ် ၃၀ လောက်ကတည်းက ပုံစံအတိုင်းပဲ မတိုးတက်၊ မဖွံ့ဖြိုးဘဲ၊ သဘာဝကို အားကိုးပြီး နေထိုင်ကြတယ်။ "ဗိုက်ဆာရင် ဘေးနားတွေ့တဲ့ ငှက်ပျောပင်က ငှက်ပျောသီးခူးပြီး စားလိုက်တာပေါ့" လို့တောင် ဒီမြို့ကလူတွေ ပြောကြတယ်။

အဲ... တနေ့မှာတော့ ဒီမြို့ကို နယ်စပ်တဖက်က လူတွေ အများကြီး ဝင်ရောက်လာခဲ့တယ်။ နယ်စပ်တဖက်မှာတော့ ဒီမြို့နဲ့ ပြောင်းပြန်၊ စားစရာကရှား၊ ဆင်းရဲမှုက ဟိုးအောက်ဆုံးမှာ။ ဆိုတော့ ဒီဖက်နယ်ထဲ ရောက်လာတဲ့အခါ သူ့တို့အတွက် နတ်ဘုံနတ်နန်းပေါ့။ ဒီလူတွေဟာ ဒေသခံတွေ ခိုင်းတာအားလုံး လုပ်ကြတယ်။ ဒေသခံတွေဟာ သမိုင်းဝင်အောင် ပျင်းရိကြတဲ့လူတွေ ဖြစ်လေတော့ ရိုးရာအရက်လေးသောက်၊ သီးနှံရောင်းရာကရတဲ့ ငွေနဲ့စား၊ နဂိုအလုပ်တွေကိုတောင် မလုပ်ကြဘဲ နောက်ထပ် ဝင်လာသူတွေကို ခိုင်းစားကြသပေါ့။

ရွှေ့ပြောင်းလာသူတွေအဖို့ အသက်ရှင်ဖို့အတွက် ပေးဆပ်မှုကြီးခဲ့လေတော့ ပိုပြီးကြိုးစား၊ အလုပ်လုပ် ငွေရှာကြရတယ်။ နှစ်ပေါင်းများစွာ ကြာလာတော့ ဒီလူတွေဟာ ဒေသခံ သမိုင်းဝင်ငပျင်းတွေထက်ပိုပြီး ချမ်းသာ၊ ကြွယ်ဝလာကြတယ်။ ပိုက်ဆံချမ်းသာလာတော့ အုပ်ချုပ်ရေးပိုင်းတွေမှာ၊ သြဇာရှိနေရာတွေမှာ နေရာရလာတယ်။

ဒီမှာ စပြီး ပြဿနာတွေ တက်တော့တာပါပဲ။ ဒေသခံတွေနဲ့ ရွှေပြောင်းလာသူတွေကြား တင်းမာမှုတွေ စတင် ဖြစ်ပွားလာတယ်။ "ဒီကောင်တွေဟာ ငါတို့အရင်းအမြစ်တွေသုံးပြီး ချမ်းသာလာကြတယ်၊ ငါတို့မြေမှာနေပြီး ငါတို့ကို ပြန်အုပ်ချုပ်ချင်ကြတယ်" ဆိုပြီး အသိုက်အဝန်းကြား ပြဿနာတွေ စတင်ဖြစ်ပွားလာခဲ့တယ်။

အသိုက်အဝန်း နှစ်ခုဟာ ဘာသာတူ၊ လူမျိုးတူတွေ ဖြစ်ပေမယ့် ဂိုဏ်းတွေ စကွဲလာတယ်။ ဘုရားကျောင်းတွေ စင်ပြိုင်ထောင်လာတယ်။ လူမှုရေးအဓိကရုဏ်းတွေ ဖြစ်လာကြတယ်။ ဒါကို အသုံးချပြီး နိုင်ငံရေးပါတီတွေ ပေါ်လာတယ်။ ဒီနေရာမှာ အများဆုံး ပြောကြတာက သဘာဝအရင်းအမြစ်တွေအကြောင်းပဲ။ ဒါကို ဘယ်လိုခွဲဝေမလဲဆိုတာတွေထိ ဖြစ်လာတယ်။

ဒါတွေ ဒီလိုဖြစ်နေပေမယ့် ဒေသခံလူတွေကတော့ အရင်လို သောက်မြဲ၊ စားမြဲ၊ ပျင်းမြဲပါပဲတဲ့။ (ဒီနေ့ထိ ဒီအတိုင်းပါပဲတဲ့)။ ဒါတွေ ဒီလိုဖြစ်နေချိန်မှာပဲ တဖက်မှာတော့ သဘာဝရင်းမြစ်တွေဟာလည်း တစတစနဲ့ ကုန်ခမ်းလာနေပါတော့တယ်။

ယူဂန်ဒါအမတ်က နောက်ဆုံးမှာ တခွန်းပြောတယ်... "ကျနော်တို့က နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးအရ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပေမယ့် လူတွေရဲ့ စိတ်အခြေခံတွေကိုတော့ ပြင်ဖို့ မဖြစ်နိုင်ပါဘူး" တဲ့။



About Mratt

သတင်း၊ ဆောင်းပါးနဲ့ ဖန်တီးစာတွေ ရေးတယ်။ စာရေးခြင်းနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုတယ်။ ကဗျာတွေကို ချစ်တယ်၊ ဂစ်တာ နည်းနည်း တီးတယ်။ Blues ကို သစ်ရွက်ခြောက်တွေကြား ခံစားတယ်။ ရံဖန်ရံခါ Heavy Metal တွေ နားထောင်တယ်။ Fixed Gear စက်ဘီး စီးတယ်။ ဘာသာတရားကိုးကွယ်မှုကို လေးစားပေမယ့် မယုံကြည်ဘူး။