ကျန်းမာပါစေ မေမေ

ကျန်းမာပါစေ မေမေ

အမေက သူ့ ယောက်ျား ကျနော်တို့ အဖေ၊ နောက် အစ်ကိုကြီး၊ အစ်ကိုလတ်နဲ့ အငယ်ဆုံး ကျနော်၊ အားလုံးရဲ့မွေးနေ့တိုင်းအတွက် မြို့က တခုတည်းသော ဘိုးဘွားရိပ်သာမှာ အမြဲ အလှူလုပ်လေ့ရှိတယ်။ ဒီနေ့ထိ တနှစ်မှ မပျက်ခဲ့ဘူး။

ဟိုးအရင် မိသားစုမှာ ငွေကြေး ခက်ခဲတဲ့ကာလတွေတုန်းကဆို လင်ဖြစ်သူနဲ့ သူ့သားတွေ မွေးနေ့ ရက်ဝေးနေသေးပေမယ့် လက်ထဲမှာ ငွေနည်းနည်း စုမိတာနဲ့ ရိပ်သာမှာ သွားပြီး ကြိုလှူထားလေ့ရှိတယ်။ အထူးအထွေတော့ မဟုတ်။ ဘိုးဘွားရိပ်သာက တနေ့စာ ဆွမ်းပေါ့။ ကိုယ်တိုင် မသွားနိုင်ရင် လူကြုံနဲ့ ဖြစ်အောင် ထည့်ပေးတတ်တယ်။

နှစ်ပေါင်းများစွာ....

ကျနော်တို့ ညီအစ်ကိုတွေ ရန်ကုန်မှာ အလုပ်များတဲ့အခါများ၊ ရောက်ချင်တဲ့နေရာရောက်၊ အိပ်ချင်ရာအိပ် နိုးချင်ရာနိုးနေတဲ့ မွေးနေ့မနက်ခင်းတွေမှာ ကျနော်တို့ နာမည်တွေက အမေ့ကောင်းမှုနဲ့ ဘိုးဘွားရိပ်သာရဲ့ အနက်ရောင် သင်ပုန်းကြီးပေါ်မှာ ရေးပြီး အဘိုးအဘွားတွေရဲ့ မေတ္တာပို့သံတွေအောက်မှာ ရှိနေခဲ့ရတယ်။

ဟိုးတုန်းကတော့ “ဪ အမေ့နှယ် အလုပ်ရှုပ်ခံလို့၊ တော်ရုံဟာ သိပ်အလေးမထားတဲ့ အမေ့သားတွေအတွက် နှစ်တိုင်း ဒုက္ခခံလှချည့် အမေရယ်”

“မနက် ၁၀ နာရီလောက်ဆို ရိပ်သာမှာ ဆွမ်းစားကြပြီ။ အဲ့ဒီအချိန် သာဓုခေါ် နော်” ကျနော်တို့ မွေးနေ့တိုင်း ကြားနေကျစကား။ ဟိုး ပင်လယ်ထဲ ရောက်နေတဲ့ အစ်ကိုကြီးကိုတောင် ကုန်းပတ်ပေါ်ဆင်း တလလောက်အလို ကတည်းက သတိတရ သတိပေးတတ်တယ်။ မနက် ၁၀ နာရီပေါင်းများစွာ ကျနော် ဖြတ်သန်းခဲ့ပြီးပြီ။ ကျနော်တို့နာမည်နဲ့ ကျနော်တို့ မကြားရပေမယ့် အမေဟာ သူ့သားတွေအတွက် သာဓုခေါ် မပျက်ခဲ့ဘူး။

ဒီနေ့ ဇွန် ၁ ရက်နေ့ဟာ အမေ့မွေးနေ့။

တချို့နှစ်တွေ ကျနော် အမေ့မွေးနေ့ မူးနေခဲ့၊ တချို့နှစ်တွေ အနှိပ်ခန်းရောက်နေမယ်၊ တချို့နှစ်တွေ ကားပေါ်မှာ ခရီးသွားရင်း အချိန်ကုန်၊ တချို့နှစ်တွေ နိုင်ငံအစွန်က တည်းခိုခန်းသေးသေးလေးတခုခုထဲ ရှိနေခဲ့၊ တချို့နှစ်တွေ....တချို့သောနှစ်တွေ....

ကျနော်က “ရုပ်တုတွေထိုင်ရှိခိုးရတာကြီး မကြိုက်ပါဘူး အမေရယ်” ဆိုတော့ အမေက မကွန့်ဘူး။ “ငါ့သားက ကံ ကံ၏အကျိုးကို အမေ့ထက် ပို နားလည်မှာပေါ့” လို့ အမေက အမြဲပြောတယ်။ အဆိုးတွေ မြင်လွန်းတဲ့ အမေ့သားဟာ အမေ့မွေးနေ့မှာတောင် အမေ့ကိုရည်စူးပြီး ငွေ ၁၀၀ မလှူခဲ့ဖူးဘူး အမေ။

အမေ့မှာ တချိန်က ဆယ်စုနှစ်ချီ အကြော်ကြော်ခဲ့လို့ ဆီပူလောင်ထားတဲ့ လက်ဖဝါးတွေ ရှိတယ်၊ မနက် လင်းကတည်းက ညအိပ်တဲ့အထိ တချိန်မှ မထိုင်ခဲ့ရလို့ နာနေတဲ့ အကြောနဲ့ အရိုးတွေ ရှိတယ်။

သားသုံးယောက်နဲ့ လင်ယောက်ျားအတွက် အခက်အခဲကြားထဲ၊ လူတစ်ကိုယ်တည်းက တဖက်မှာ ကျောင်းဆရာမ၊ တဖက်မှာ အကြော်သည်၊ တဖက်မှာ ဆန်ရောင်းရင်း တရက်မှာ ၃ နာရီလောက်ပဲ အိပ်ခဲ့ရတဲ့ အချိန်တွေကြောင့် မကောင်းတော့တဲ့ သည်းခြေအိတ်လည်းရှိတယ်။ အမေ့ နှလုံးဟာလည်း သိပ် အထိအခိုက်မခံဘူး။

အမေဟာ ဘယ်လို စိတ်မျိုးနဲ့ သူ့သားတွေ မွေးနေ့တိုင်း မပျက်မကွက် အလှူတခု ပြုနိုင်ခဲ့ပါလိမ့်။

လက်အုပ်ချီတာ၊ ရှိခိုးတာတွေကို အယုံအကြည် မရှိတဲ့ အမေ့သား ဒီနေ့ ရွှေတိဂုံမှာ ထိုင်ကန်တော့ခဲ့ပါတယ် အမေ။ ဒီအကြောင်း အမေ့ကို ဖုန်းဆက်ပြောတော့ အမေ့ အသံကြည်လင်နေတယ်လို့ ထင်မိတယ်။ တံခါးတွေ ပိတ်ထားတဲ့ မြောက်ဖက်မုဒ်က သံတံခါးရှေ့မှာ အမေ့ကို ရည်စူး ကျနော် ကန်တော့ခဲ့ပါတယ်။

ကျန်းမာပါစေ...မေမေ။



About Mratt

သတင်း၊ ဆောင်းပါးနဲ့ ဖန်တီးစာတွေ ရေးတယ်။ စာရေးခြင်းနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုတယ်။ ကဗျာတွေကို ချစ်တယ်၊ ဂစ်တာ နည်းနည်း တီးတယ်။ Blues ကို သစ်ရွက်ခြောက်တွေကြား ခံစားတယ်။ ရံဖန်ရံခါ Heavy Metal တွေ နားထောင်တယ်။ Fixed Gear စက်ဘီး စီးတယ်။ ဘာသာတရားကိုးကွယ်မှုကို လေးစားပေမယ့် မယုံကြည်ဘူး။