'ဖက်' ကြပါ

'ဖက်' ကြပါ
စဉ်းစားနေမိတာပေါ့လေ။ ကျနော်တို့ မြန်မာလူမျိုးတွေဟာ မ 'ဖက်' ရဲကြလောက်အောင် ကျိန်စာမိနေတာမျိုးလားပေါ့။ 'ဖက်' 'hug' လုပ်တာကို ပြောတာပါ။ အမေ့အိမ်၊ ကျနော့်ရွာကို ပြန်ရင်၊ ရောက်ရောက်ချင်း အထုပ်တွေချ၊ အမေထိုင်နေတဲ့နေရာနားသွားပြီး အလွန်ဆုံး အမေ့ပေါင်ပေါ် ခေါင်းအုံးပြီး အိပ်ပစ်လိုက်မှ အောက့်မေ့စိတ်တွေ ဝ သွားတာမျိုး။
တကယ်တော့ အမေ့ကို ဖက်ထားချင်တဲ့စိတ်ပေါ့၊ အဖက်ခံထားချင်တဲ့စိတ်မျိုးလို့ ထင်တာပဲ။ အဲ့ဒီလိုမျိုး။ ဒီနိုင်ငံ၊ ဒီယဉ်ကျေးမှုနဲ့ကျ အံမဝင်တော့... "ဟ ဒီကောင် ဒီအရွယ်ကြီးရောက်နေပြီ" အစချီပြီး ပြောကြမှာ။ မြင်ရတာလည်း သိပ် ဘဝင်ကျချင်စရာရှိမှာမဟုတ်ဘူး။
အဲ့ဒီလိုပဲ အစ်ကိုအကြီးဆုံးက အမြဲ ရပ်ဝေးမြေခြား နှစ်ချီပြီး ခရီးတွေထွက်တော့ ပြန်လာရင် ကျနော် လေဆိပ်သွားကြိုလေ့ရှိတယ်။ ညီအစ်ကိုတွေ တွေ့ရင် သူတော့ မသိဘူး၊ ကျနော်ကတော့ တွေ့တာနဲ့ ခဏလေးတော့ ဖက်ပြီး နှုတ်ဆက်လိုက်ချင်တာမျိုး။ အများအမြင်တော့ 'ဟ... ယောက်ျားကြီးတွေ ဘာဖြစ်တာလဲ' ဆိုတာမျိုး မဲ့ကြည့်ကြမလား မသိဘူး။
ဒီနည်းတူပဲ ကိုယ့်ချစ်ရတဲ့သူ နဲ့ တပတ်၊ တလ ခွဲခွာနေရပြီး ပြန်တွေ့ရင် လူမြင်ကွင်းဖြစ်ဖြစ် ကျနော်ကတော့ စက္ကန့် ၂၀ လောက်ဖြစ်ဖြစ် ခဏလေး ဖက်ထားလိုက်ချင်တာပါပဲ။
အများအမြင်ဆိုပေမယ့် စိတ်ထဲကသာ ဖြစ်မိတာ၊ တကယ့်တကယ် အမေဖြစ်ဖြစ်၊ အစ်ကိုဖြစ်ဖြစ်၊ သူငယ်ချင်း ကျား/မ ဖြစ်ဖြစ် မတွေ့တာကြာပြီး၊ သတိရတမ်းတစိတ်တွေနဲ့ ပြန်တွေ့ကြရင် 'ဖက်' လိုက်ဖို့ အတော် ရွံ့ကြမယ်။ အလေ့အထလည်း မဟုတ်၊ နိုင်ငံခြားဆန်တယ် ဘာညာလည်း ပြောခံရမှာကြောက်၊ ကိုယ်က အဆင်ပြေရင်တောင် နောက်တယောက်က ပြေမှာ မဟုတ်ဘူး။
တကယ်တော့ လူတိုင်း၊ လူတိုင်းပေါ့လေ 'ဖက်' လိုက်တာမျိုးကို ခံချင်ကြမှာပဲ။ မိသားစု တယောက်ယောက်၊ သိပ်ချစ်ရတဲ့ သူငယ်ချင်း၊ ကိုယ်သိပ်ချစ်ရသူ တဦးဦးနဲ့ တွေ့ရင် ... ကျနော်တို့ ပြလို့ရတဲ့ အမူအရာက အရမ်းရှားပါးလွန်းတယ် ထင်မိတယ်။ စိတ်ထဲကဟာတွေကို ထုတ်ဖော်မပြတတ်ကြတာကလည်း ကျနော်တို့ ယဉ်ကျေးမှုရဲ့ အားနည်းချက်လို့ ဆိုမလား၊ အားသာချက်ဆိုမလား....။
ကျနော်ကတော့ ကျိန်စာ မိနေတာလား လို့တောင် တွေးမိတယ်။


About Mratt

သတင်း၊ ဆောင်းပါးနဲ့ ဖန်တီးစာတွေ ရေးတယ်။ စာရေးခြင်းနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုတယ်။ ကဗျာတွေကို ချစ်တယ်၊ ဂစ်တာ နည်းနည်း တီးတယ်။ Blues ကို သစ်ရွက်ခြောက်တွေကြား ခံစားတယ်။ ရံဖန်ရံခါ Heavy Metal တွေ နားထောင်တယ်။ Fixed Gear စက်ဘီး စီးတယ်။ ဘာသာတရားကိုးကွယ်မှုကို လေးစားပေမယ့် မယုံကြည်ဘူး။