ရခိုင်ပြည်နယ် ကြိုတင်ကာကွယ်ရေး

ရခိုင်ပြည်နယ် ကြိုတင်ကာကွယ်ရေး

အာဆာရဲ့ ဒုတိယအကြိမ်တိုက်ခိုက်ခံရနိုင်မှု၊ ဒေါက်တာအေးမောင် ပြဿနာ၊ ရက္ခိုင့်တပ်မတော်နဲ့ တပ်မတော်/အစိုးရကြား ဆက်ဆံရေး၊ မူးယစ်ဆေးဝါး ပြဿနာ၊ တည်ငြိမ်နေပြီထင်ရပေမယ့် တအုံနွေးနွေးရှိနေတဲ့ ရခိုင်လူ့အဖွဲ့အစည်းကြားက ပြဿနာတွေဟာ အားလုံး အကြိမ်ကြိမ် သတိပေးခဲ့ကြပေမယ့် အမှန်တကယ်ကို ဖြစ်ပျက်လာတဲ့ ကိစ္စတွေ။

 

ဘယ်လိုမှ ရှောင်လွှဲမရနိုင်ဘူးလို့ ထင်ခဲ့ကြသူတွေရှိသလို ဖြစ်စေချင်နေတဲ့လူတွေလည်း ရှိနေတယ်။ ဖြစ်တော့မယ်မှန်း သိသိကြီးနဲ့ ကိုယ်နဲ့ မဆိုင်သလို ထိုင်ကြည့်နေတဲ့ လူအုပ်ကြီးလည်း ရှိတယ်။ တဖက်မှာ ရေတို လုပ်ရမယ့်ကိစ္စတွေကို ၁၀ နှစ်စာ ဗျူဟာချပြီး လုပ်မယ်ဆိုတဲ့ အကျိုးစီးပွားမကင်းတဲ့ ပညာတတ်ယောင်ယောင်တွေလည်း ရှိပြန်တယ်။

 

ပြဿနာတခုလုံးကို ကောက်ချက်ဆွဲရရင် ရခိုင်လူထုရဲ့ စိတ်အခြေအနေပဲ ဖြစ်ပါတယ်။ "ရခီး" ဆိုတဲ့ နာမည်တလုံးခေါ်ခံရလို့ ရခိုင်လူငယ်တယောက်နဲ့ ကျန်တဲ့လူတွေ ရန်ပွဲတွေ၊ အချင်းများတာတွေ ဖြစ်နေလေတော့ ဒီရခိုင်လူထုရဲ့ စိတ်ဟာ အင်မတန် ထိလွယ်ရှလွယ်ဆိုတာ အထင်းသား။ လျစ်လျူရှုခံခဲ့ရတာတွေ၊ နိမ့်ကျမှုတွေ၊ ဆင်းရဲနွမ်းပါးမှုတွေကြောင့် လူထုဟာ "ဒေါသထွက်နေသော လူအုပ်ကြီး" ဆိုတဲ့အဆင့်ကနေ တက်မလာနိုင်ခဲ့ဘူး။

 

ဒီလူအုပ်ကြီးဟာ အစိုးရအတွက်၊ စစ်တပ်အတွက်၊ အကျိုးမျှော်တဲ့ နိုင်ငံရေးသမားတွေအတွက်၊ ဘာသာရေးခေါင်းဆောင်တွေအတွက် အင်မတန် အသုံးဝင်တဲ့ "လေနာရောဂါပျောက်ဆေးကြီး" တခုပဲ။ လိပ်ခဲတည်းလည်းဖြစ်နေသမျှကို ဒီလူအုပ်ကြီးကို "ဆွ" ပေးလိုက်ခြင်းအားဖြင့် ပြဿနာတွေအားလုံး ဒီကို စုပြုံရောက်သွားစေတော့တယ်။

 

ရခိုင်လူထုဟာ သွေးဆူလွယ်၊ ထိရှလွယ်တယ်ဆိုတာ အားလုံး သိပြီးသားပဲ။ ဒါကို မီးလောင်ရာလေပင့်ပြီး ဒီလူထုရဲ့ စိတ်ကို နှစ်ရှည်လများ "ဆွ" ပေးနေသူတွေဟာ အမျိုးသားရေးခေါင်းစဉ်တပ်ပြီး သူတို့ အကျိုးစီးပွားကို အသက်ဆက်စေတယ်။ မသီတာထွေး ပြဿနာ ဖြစ်ပြီးကတည်းက "မွတ်ဆလင်တယောက်က အရွယ်မရောက်သေးသူ ဗုဒ္ဓဘာသာအမျိုးသမီးလေးကို အဓမ္မကျင့်" ဆိုတဲ့ သတင်းတွေဟာ ဒီလူထုကြီးအတွက် နေ့စဉ်လိမ်းနေတဲ့ အကြောဖြေဆေးတခွက်ပဲ။

 

ဒါပေမယ့် တဖက်မှာ ဒီလူတွေရဲ့ စိတ်ဓါတ်တွေဟာ အကြိမ်ကြိမ် အတင်းအဓမ္မကျင့်ခံနေရတာကို ဒီလူထုဟာ မသိနိုင်ခဲ့ဘူး။ ရခိုင်နိုင်ငံရေးသမားတွေ၊ လွှတ်တော်အမတ်တွေ၊ စာရေးဆရာတွေ၊ ဝေဖန်ရေးသမားတွေဟာ လက်ခုပ်သံကို အမျိုးသားရေးခေါင်းစဉ်တပ်ပြီး ရှာဖွေနေကြသလို တချိန်တည်းမှာပဲ အကျိုးစီးပွားနဲ့ နိုင်ငံရေးအသာစီးရမှုကို ဒီပေါ်ကနေ ဖန်တီးကြတယ်။

 

ရလာဒ်က ဘာလဲ....?

 

ဘာပြဿနာဖြစ်ဖြစ်၊ ရခိုင်တွေ လူမိုက်ဖြစ်သွားတာပဲ။ ရခိုင်လူထုရဲ့ နေ့စဉ်စားဝတ်နေရေးနဲ့ အခြေခံလူတန်းစား၊ နင်းပြားတွေရဲ့ ဘဝတွေ ပျက်သုဉ်းသွားရတာပါပဲ။ ဒီအချက်ကို ခုနက "ဆွ" ပေးနေသူတွေ ထည့်သွင်းစဉ်းစားခဲ့ကြပါရဲ့လား...? ပြဿနာဖြစ်တိုင်း၊ ဖြစ်တိုင်းမှာ ဘယ်သူတွေ အကျိုးများသွားသလဲ။

 

အခြေအနေတိုင်းရဲ့ နောက်ဆုံး ရလာဒ်က "အားလုံးတော်လှန်မှရမယ်၊ ပုန်ကန်မှရမယ်" ဆိုတဲ့ဖက်ကို ဦးတည်လာနေပြီး တဖက်မှာ ရက္ခိုင့်တပ်မတော်နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေအထိပါ မီးခိုးကြွက်လျှောက် လာစေတော့တယ်။ ဟုတ်ပြီ... ရှိသမျှ ရခိုင်ပြည်နယ်ကလူထုတွေ တော်လှန်ကြမလား၊ ပုန်ကန်ကြမလား...? ရခိုင်ပြည်နယ်ကို မာရဝီဖြစ်ချင်ကြသလား၊ ရှင်ကျန်း ဖြစ်ချင်ကြသလား၊ ဘဂ္ဂဒက်ဖြစ်ချင်ကြသလား...? ဘယ်သူတွေရဲ့ ဘဝတွေ ပျက်စီးသွားပြီး ဘယ်သူ့ဘဝတွေ ပိုကောင်းလာကြမလဲ...?

 

လက်ရှိအခြေအနေအရ (အမှန်အတိုင်းပြောရရင်၊ လွန်ခဲ့တဲ့ ၅ နှစ်ကျော်လောက်ကတည်းက) ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမဆုံးလုပ်သင့်တဲ့ ရေတို၊ ရေရှည်လုပ်ငန်းစဉ်ဟာ "စိတ်ခံစားမှုများ လျှော့ချရေး" ဖြစ်ပါတယ်။ ဘယ်ရခိုင်စာရေးဆရာ၊ နိုင်ငံရေးသမား၊ လွှတ်တော်အမတ်နဲ့ ကိုင်တွယ်ခဲ့တဲ့ အစိုးရတွေကိုယ်တိုင် မလုပ်ခဲ့ကြပါဘူး။

 

လက်ရှိအစိုးရကိုယ်တိုင် ဦးညီပုကို ပြည်နယ်ဝန်ကြီးချုပ်ခန့်အပ်လိုက်ကတည်းက ရခိုင်ပြဿနာရဲ့ အတိမ်အနက်နဲ့ လူထုခံစားချက်ကို ရေရှည်မှာ ကောင်းကောင်း မတွယ်နိုင်တော့ဘူးဆိုတာ (ကျနော့် ပုဂ္ဂလိက အမြင်အရ) သေချာခဲ့ပြီးသားပါ။

 

ဒေါက်တာဝင်းမြတ်အေးဦးဆောင်တဲ့ အဖွဲ့ဟာ ရခိုင်က ဦးညီပု၊ စစ်တပ်နဲ့ ဗျူရိုကရက်ယန္တရားကို ကြားဝင်ဖြန်ဖြေပြီး အပေါင်းလက္ခဏာဆောင်တဲ့ ပုံစံနဲ့ သွားခဲ့တာဟာ အင်မတန်နောက်ကျလွန်းပါတယ်။ လက်ရှိမှာ ပျက်စီးနေပြီးဖြစ်တဲ့ ရခိုင်ရဲ့ လုံခြံုရေးနဲ့ အုပ်ချုပ်ရေးယန္တရားကို ဘယ်သူက ဘယ်လိုကိုင်တွယ်နေသလဲ၊ ဘယ်လောက်အတိုင်းအတာထိ ကိုင်တွယ်နေသလဲ၊ ဘာတွေအာမခံချက်ရှိနေပြီလဲ ဆိုတာ ပြန်လည်ဆန်းစစ်ကြဖို့ လိုပါတယ်။

 

တဖက်မှာလည်း ရခိုင်လူထုရဲ့ "စိတ်ခံစားမှု လျှော့ချရေး" ကို ရေရှည်အစီအစဉ်တွေ ချမှတ် ဆောင်ရွက်ရမှာဖြစ်သလို ချက်ချင်း လက်ငင်း အကောင်အထည်ဖော်ဖို့ လိုပါတယ်။ ရခိုင်ပညာတတ်တွေ၊ နိုင်ငံရေးသမားတွေ၊ လွှတ်တော်အမတ်တွေ၊ စာပေသမားတွေ၊ စာနယ်ဇင်းသမားတွေ၊ သြဇာအာဏာရှိသူတွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေဟာ ဒါကို ချက်ချင်းလုပ်ဆောင်ကြဖို့ လိုပါပြီ။

 

(လတ်တလော အစီအစဉ်အရ) အစိုးရအနေနဲ့ လုံခြံုရေးရဲတပ်ဖွဲ့နဲ့ ပစ်မှုကျူးလွန်သူတွေကို ဥပဒေအရ မှန်မှန်ကန်ကန် အရေးယူရေးက စပြီး ရခိုင်လူထုရဲ့ စိတ်ခံစားမှုကို အရင်လျှော့ချဖို့ လုပ်ရပါမယ်။

 

တဖက်မှာလည်း မီးစ တခုမွှေးနေသူတွေ၊ လူထုကို ဆွပေးနေသူတွေ၊ အမုန်းတရားပြောဆိုနေသူတွေကိုလည်း "အပ်နဲ့ထွင်းရမယ့်အချိန်" ကတည်းက ဥပဒေအရ၊ အရေးယူ ထိန်းသိမ်းကြဖို့လည်း လိုပါတယ်။ ဒီလိုပဲ ဒီလိုလူတွေကို ကိုယ့်ပြည်နယ်တွင်းမှာကို ကိုယ်တိုင် ထိန်းကျောင်း ကြပ်မတ်ကြဖို့လည်း လိုပါတယ်။

 

ဒီလိုမှ မဟုတ်ရင် "နောက်တကြိမ် မြောက်ဦး" တွေ ဆက်တိုက်လာနိုင်တော့တဲ့ အခြေအနေကို ရောက်လာပါတော့မယ်။

 

ဓာတ်ပုံ - Amnesty International



About Mratt

သတင်း၊ ဆောင်းပါးနဲ့ ဖန်တီးစာတွေ ရေးတယ်။ စာရေးခြင်းနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုတယ်။ ကဗျာတွေကို ချစ်တယ်၊ ဂစ်တာ နည်းနည်း တီးတယ်။ Blues ကို သစ်ရွက်ခြောက်တွေကြား ခံစားတယ်။ ရံဖန်ရံခါ Heavy Metal တွေ နားထောင်တယ်။ Fixed Gear စက်ဘီး စီးတယ်။ ဘာသာတရားကိုးကွယ်မှုကို လေးစားပေမယ့် မယုံကြည်ဘူး။