ရခိုင်တိုင်းရင်းသားတွေ ဘာမှားနေလဲ

ရခိုင်တိုင်းရင်းသားတွေ ဘာမှားနေလဲ

ခေါင်းစဉ်မှာ ဒီလိုရေးလိုက်လို့ မင်းကကော ဘာလူမျိုးလဲလို့ မေးရင် ရခိုင်လူမျိုးပါပဲ။ ဒါပေမယ့် ကျနော် လူမျိုးရေးအခြေခံပြီးတွေးတာမျိုး မဟုတ်ဘဲ ပြသနာကို အပြင်ဖက်က မြင်ရတဲ့ပုံစံ ချဉ်းကပ်ပြီး မြင်ကြည့်ထားတဲ့အတွက် ခေါင်းစဉ်ကို ဒီလို ရေးဖြစ်ရတာပါ။ ဒီလိုမြင်ကြည့်ခြင်းဟာ ပြသနာကို တကယ်မြင်နိုင်တဲ့နည်းလမ်းလို့လည်း ကျနော်ယုံကြည်ပါတယ်။ ဒီနေရာမှာ ဘာမှားနေလဲ ပြောရအောင် ငါတို့က မှားနေလို့လား ဆိုရင် ကျနော် ရဲရဲကြီး ဖြေပါမယ်၊ "မှားနေပါတယ်"

 

တလောက ကရင်တိုင်းရင်းသူ တယောက်နဲ့ စကားပြောဖြစ်ပါတယ်။ သူက ဟိုရခိုင်လူမျိုးကို သိလား၊ ဒီတယောက်နဲ့ရင်းနှီးလား၊ ဒီတယောက်ကတော့ နည်းနည်းဆိုးတယ်နော်၊ သိသလား စသဖြင့် သူသိတဲ့ ရခိုင်လူမျိုးတွေအကြောင်း မေးမြန်းရင်း သူ့အမြင်ကို ပြောပါတယ်။ သူနဲ့စကားစပ်မိရင်း ရခိုင်လူမျိုးတွေ၊ လူငယ်တွေအကြောင်း စဉ်းစားခန်းဝင်ဖြစ်ပါတယ်။

 

(က)
ရခိုင်လူမျိုးတွေကို အားမနာတမ်း အကြမ်းဖျဉ်း ချကြည့်ရင် - ၁။ ပညာတတ် (နိုင်ငံခြားပြန်)၊ ၂။ ပညာတတ် (ပြည်တွင်းနေ)၊ ၃။ ဗမာပါးဝနေတဲ့ရခိုင် ၄။ အမျိုးသားရေးလှုပ်ရှားသူ၊ ၅။ မျိုးချစ်အစွန်းရောက် ဆိုပြီး မြင်ရပါတယ်။ ခုနက၊ ကရင်တိုင်းရင်းသူပြောတဲ့သူတော်တော်များများက ပထမနှစ်မျိုးထဲ ပါပါတယ်။ ကျနော်သိသလောက် ကျနော်က ဆက်ပြောနေရင်း သူက တခွန်းထဲ ပြောပါတယ်။ "ပညာတတ်အစွန်းရောက်တွေ" ပါတဲ့။ ဒီစကားဟာ သူတယောက်ထဲဆီက ထွက်လာတာလားဆို မဟုတ်ပါဘူး။ ရခိုင်မဟုတ်သူတွေ အားလုံးနီးပါးဆီက ဒီလို အသံထွက်ပါတယ်။

 

နိုင်ငံတကာ၊ ပြည်တွင်း၊ ပြည်ပအမြင်မှာ ရခိုင်လူမျိုးဆိုတာ အစွန်းရောက်မျိုးချစ်ပါ။ ဒါလုံးဝ ငြင်းလို့မရပါဘူး။ ပညာတတ်ပဲဖြစ်ဖြစ်၊ ဗမာပါးဝတဲ့ရခိုင်ဖြစ်ဖြစ်၊ အမျိုးသားရေးလှုပ်ရှားသူဖြစ်ဖြစ်၊ အစွန်းရောက်ပဲ ဖြစ်ဖြစ်၊ အားလုံး "ရခိုင်လူမျိုးဆိုရင် အစွန်းရောက်" လို့သာ မြင်ကြတာဖြစ်ပါတယ်။ ဒီအချက်မှာ မင်းကတော့ ဘာရခိုင်မို့၊ ငါကတော့ နာရီစင် ခြေကန်မွေးတာမို့၊ ငါတော့ ကျွန်းသားမို့၊ ချောင်းသားမို့ မကွဲပါဘူး။ 

 

(
ရခိုင်တိုင်းရင်းသားတွေကို ဒီလိုသမုတ်ခြင်းအားဖြင့် တဖက်ရဲ့ အကျိုးသက်ရောက်မှုက ပြောင်းပြန်ပါပဲ။ ရခိုင်နဲ့ပြဿနာဖြစ်နေတဲ့တဖက်လူ့အဖွဲ့အစည်းဟာ ဂရုဏာသက်စရာ ဖြစ်သွားတာပါပဲ။ တဖက်က အပေါ်စီးရောက်နေတယ်လို့မြင်ရင် ကျန်တဖက်က ခံရသူ လို့မြင်တာ ဓမ္မတာပါပဲ။ ဒါဟာ မြင်သာတဲ့အခြေအနေပါ။ ရခိုင်တိုင်းရင်းသားတွေ အမြဲတမ်းပြောကြတဲ့ စကားရှိပါတယ် "ငါတို့ရင်ထဲကို မြင်အောင်ကြည့်ကြပါ၊ ရခိုင်တွေလည်း ခံစားနေရပါတယ်" ဆိုတာပါ။

 

ပြဿနာတွေကို ခြေခြေမြစ်မြစ်နားလည်သူတွေအဖို့ ရခိုင်-ဘင်္ဂလီပြသနာကို မျှမျှတတတွေးတောတတ်ကြပေမယ့် ဒီလိုအမြင်မျိုးတွေ အင်မတန်ရှားပါးလွန်းပါတယ်။

 

ရင်ထဲက ပြသနာတွေ မြင်အောင်ကြည့်နိုင်စေဖို့ ရင်ထဲကို မြင်အောင် ပြဖို့ လိုပါတယ်။ ပြသပုံပြသနည်းမှန်ဖို့လိုပါတယ်။ မွတ်စလင်တွေ ငိုနေလို့ ငါတို့ ငိုနေရမှာလားဆိုတဲ့ လူတန်းစားတွေလည်း ဒုနဲ့ဒေးပါပဲ။ ပညာမဲ့ခြင်းပါပဲ။

 

(
ရခိုင်ပြည်နယ်အနှံ့ သတင်းကိစ္စနဲ့ ကျနော် ရောက်ပါတယ်။ သာမန်အရပ်သူ၊ အရပ်သားတွေကို ခဏထား၊ ရခိုင်လူမျိုးနိုင်ငံရေးသမားတွေနဲ့ တွေ့တဲ့နေရာမှာ အဓိက အားနည်းချက်က အမျိုးသားရေး၊ လူမျိုးရေးစိတ်ဓာတ်ကို ရှေ့တန်းတင်ပြတာပါပဲ။ လက်ရှိဖြစ်နေတဲ့ပြသနာကို ပြောပြတာနဲ့ လူမျိုးရေးစိတ်ဓာတ်ကို ဖော်ပြတာ အင်မတန်ကွဲပြားပါတယ်။ နိုင်ငံရေးသမားတယောက် ပြောသမျှစကားတွေဟာ လူထုဆီ(ဖြစ်နိုင်ရင် တကမ္ဘာလုံး) ကို ရောက်သွားမယ်ဆိုတာ စိတ်ထဲမှာ ရှိနေပြီးဖြစ်ရမယ်။ 

 

ဒီနေရာမှာ ပြောစရာတခု ရှိပါသေးတယ်။ ရခိုင်နိုင်ငံရေးသမားတယောက်ပြောတာကို ရခိုင်လူထုပဲ ကြားရမှာ မဟုတ်ပါဘူး။ အားလုံးကြားရတယ် ဆိုတာပါ။ ကျနော် ဒေါက်တာအေးမောင်ကို ဥပမာ ပေးချင်ပါတယ်။ ဘယ်တိုင်းရင်းသားနဲ့တွေ့တွေ့၊ ဘယ်နိုင်ငံရေးသမားနဲ့တွေ့တွေ့ အမြဲမေးကြတာက "... မင်းတို့ ဒေါက်တာအေးမောင်တယောက် ဘယ်လိုဖြစ်သွားတာလဲ" ဆိုတာပါပဲ။ 

 

ရှမ်းက ဦးခွန်ထွန်းဦးကို နမူနာကြည့်နိုင်ပါတယ်။ ဦးခွန်ထွန်းဦးဟာ အရင်က NLD ကို ထောက်ခံခဲ့သူ၊ အမာခံတွေဖြစ်ပေမယ့် နောက်ပိုင်း NLD (အစိုးရ) ကို ဝေဖန်လာတာကို မြင်ရမှာပါ။ ဒါပေမယ့် သူဟာ လူမျိုးရေးပေါ်မှာ အခြေမခံတဲ့၊ နိုင်ငံရေးနဲ့ နိုင်ငံရေးစနစ်ကိုသာ ပြောတဲ့ နိုင်ငံရေးသမားကောင်းတယောက်ပါ။ ဒီနေရာမှာ ရှမ်းဟာ ရခိုင်လိုလူမျိုးရေးပြသနာ ဖြစ်နေတာမဟုတ်ပါဘူးလို့ ငြင်းလို့မရပါဘူး။ ('' နဲ့ ပြဿနာဟာ ကြီးမားတဲ့ ပြဿနာတစ်ခုပါပဲ

 

ကျနော့်အမြင်အရ နိုင်ငံရေးသမားတယောက်ဟာ ရခိုင်ဖြစ်ဖြစ်၊ ရှမ်းဖြစ်ဖြစ်၊ ကချင်ဖြစ်ဖြစ်၊ ဘယ်သူ့ရဲ့ ထောက်ခံမှုမှ လျော့ကျသွားလို့မရပါဘူး။ ဦးခွန်ထွန်းဦးက NLD ကို ကလန်ကဆန်လုပ်ရင် ဗမာနဲ့ NLD အမာခံတခြားတိုင်းရင်းသားတွေရဲ့ ရန်သူ ဖြစ်သွားပါမယ်။ ဒီအချက်က အရုပ်ဆိုးလွန်းပေမယ့် လက်ခံရမယ့် လက်ရှိနိုင်ငံရေးအခြေအနေပါပဲ။ ဒါကြောင့် ဗိုလ်ချုပ်ဂွန်မော်၊ မူတူးစေးဖိုး၊ ဦးခွန်းထွန်းဦးနဲ့ တခြားတိုင်းရင်းသားခေါင်းဆောင်တွေဟာ NLD ဦးဆောင်တဲ့အစိုးရကို ဝေဖန်နေပေမယ့် တခြားတိုင်းရင်းသားတွေရဲ့ ထောက်ခံမှုတွေ လျော့ကျမသွားတာကို မြင်ရပါမယ်။

 

ပြဿနာဖြစ်တိုင်းမှာ ရခိုင်နိုင်ငံရေးသမားတွေရော၊ ရခိုင်လူထုရော တုန့်ပြန်မှုတွေဟာ တခြားတိုင်းရင်းသားတွေနဲ့ မတူပါဘူး။ ပြင်းထန်တာမှာ တူညီမှုတွေရှိနိုင်ပေမယ့် တင်ပြပုံနဲ့ တွန်းလှန်ပုံတွေမှာ ကွဲပြားကြပါတယ်။ ရခိုင်လူတန်းစား အားလုံးဟာ လမ်းပေါ်က ဆန္ဒပြတဲ့လူအုပ်ကြီးနဲ့ တူတူပဲ ဆိုတဲ့ အမြင်ကိုသာ မြင်ကြရမှာဖြစ်ပါတယ်။

ဒီနေရာမှာ ဆက်ပြောစရာရှိတာက လက်ရှိအစိုးရဟာ လမ်းပေါ်ထွက်ဆန္ဒပြရင်ပြီးတဲ့ အစိုးရလားဆိုတာကိုလည်း ထည့်တွက်ရမှာဖြစ်ပါတယ်။ ဘယ်သူလာလာ ဆန္ဒပြတဲ့ ရခိုင်က "အမျိုးသားရေးလူအုပ်ကြီး" ကို ဒီနေရာမှာ ထည့်စဉ်းစားကြစေလိုပါတယ်။

 

ဒီဖက်ကို ပြန်ကြည့်ရင်တော့ ဒေါက်တာအေးမောင်မှာ ဘယ်လိုလဲ။ သူ့ကို ထောက်ခံတာ ရခိုင်တိုင်းရင်းသားပဲ ရှိပါတယ်။ ဒါဟာ နိုင်ငံရေးဖြစ်သလားဆိုတာ သူ စဉ်းစားရမှာဖြစ်ပါတယ်။ သူလိုချင်တဲ့ နိုင်ငံရေးအရထောက်ခံမှုဟာ ဒီမှာတင်လမ်းဆုံးစေချင်သလား...။ တွေးကြည့်ပါ။ ရခိုင်တမျိုးသားလုံးလိုချင်တဲ့ ပန်းတိုင်ဟာ ရခိုင်တွေရဲ့ လက်ခုပ်သံနဲ့ ရခိုင်တွေရဲ့ ထောက်ခံမှုပဲလား။ 

 

ဦးဦးလှစောရဲ့ လွှတ်တော်တွင်းက ဆွေးနွေးချက်ကို ရခိုင်တိုင်းရင်းသားအများစု ထောက်ခံ လက်ခုပ်သြဘာပေးနေကြတာ မြင်ကြမှာပါ။ (ပထမတကြိမ်ဖြစ်ခဲ့တယ်၊ ခု ဒုတိယတကြိမ် ထပ်ဖြစ်ပါတယ်) ရလဒ်က ဘာလဲဆိုတာ မြင်အောင်ကြည့်ဖို့လိုပါတယ်။ သူ့ဆွေးနွေးချက်ဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ လက်ခုပ်သြဘာသံအောက်မှာပဲ ပျောက်သွားပါပြီ။ ဒီထက် ပိုရှိမလာနိုင်တော့ပါဘူး။

 

ဒီနေရာမှာ ဒေါက်တာအေးမောင်၊ ဦးဦးလှစော တို့ရဲ့စေတနာမှန်ခြင်း၊ မမှန်ခြင်းကို ဆွေးနွေးနေခြင်းမဟုတ်တာ သတိပြုပေးစေလိုပါတယ်။ နိုင်ငံရေးရဲ့ပရိုတိုကောက ဘယ်အခြေအနေထိ သက်ရောက်မှု ရှိသွားစေနိုင်သလဲ။ တခြားတိုင်းရင်းသားတွေဆီက ထောက်ခံမှု ဘယ်လိုရှိသွားစေနိုင်သလဲ။ နိုင်ငံတကာ စာမျက်နှာမှာ ဒါကို ဘယ်လို ပုံဖော်နိုင်သလဲဆိုတာထိ ထည့်တွက်နိုင်ရမှာ ဖြစ်ပါတယ်။

 

(
ရခိုင်တိုင်းရင်းသားတွေအားလုံးဟာ တကယ့်မြေပြင်အခြေအနေကို အားလုံးကို မြင်ကြစေချင်ပါတယ်။ ဘာတွေ ခံစားနေရသလဲ၊ လက်တွေ့ကဘာလဲ ဆိုတာ တကမ္ဘာလုံးကို သိစေချင်ကြပါတယ်။ ဟုတ်ပါပြီ ဒီအတိုင်း ဖြစ်ပါသလား။ ဖြစ်မလာပါဘူး။ မဖြစ်ခဲ့ပါဘူး။ ပြီးတော့ ရခိုင်ရေးတဲ့စာတွေ၊ ရခိုင်တွေကြားကြရင်း၊ ရခိုင်တွေ လက်ခုပ်တီးကြရင်း ပြီးသွားတာပါပဲ။

 

ဖြစ်စဉ်တွေနဲ့ လျှမ်းလျှမ်းတောက်တယ်ဆိုတဲ့ ရခိုင်စာရေးဆရာတွေ ရေးသမျှကို ပြန်ကြည့်ပါ။ ရခိုင်တယောက်ရေးလိုက်တဲ့ သုံးသပ်ချက်အစစ်အမှန် (တကယ့် ဘက်လိုက်မှုကင်းတဲ့ သုံးသပ်ချက်) ဖြစ်တယ်ဆိုဦးတော ထိရောက်မှု မရှိလှပါဘူး။ အစိုးရနဲ့ နိုင်ငံတကာဆီ မရောက်နိုင်ပါဘူး။ ဘာတွေမှားနေသလဲဆိုတာ ပြန်သုံးသပ်ကြရမှာပါ။

 

ဒီနေရာမှာ ရခိုင်ပြသနာဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ ဆင်ခြင်တွေးတောကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။

 

(
အဓိက လိုရင်းဟာ တကယ့်ပြသနာ အရင်းအမြစ်ကို ကမ္ဘာနဲ့ ရခိုင်မဟုတ်တဲ့တခြားတိုင်းရင်းသားတွေပါ သိနားလာစေဖို့ဖြစ်ပြီး ဒီလိုနားလည်မှုကနေ ရှေ့ဆက်ပြီး အဖြေရှာသွားဖို့ဖြစ်ပါတယ်။ ပထမဦးဆုံးပြဿနာဟာ ရခိုင်တွေအပေါ် အမြင်ပြောင်းလဲနိုင်ရေးဖြစ်တယ်လို့ ကျနော် ခံယူပါတယ်။ ဒါဟာ ယထာဘူတ ကျတဲ့ ပထမဆုံးခြေလှမ်းလို့ ကျနော်မြင်ပါတယ်။ 

 

ရခိုင်တိုင်းရင်းသားတွေရဲ့ အွန်းလိုင်းပေါ်၊ မြေပြင်မှာ၊ အစိုးရနဲ့ညှိနှိုင်းနေသူတွေ၊ နိုင်ငံတကာနဲ့ ဆက်ဆံသူတွေအနေနဲ့ တင်ပြပုံ (Presentation) ပြောင်းကြဖို့ အချိန်ဟာ ရောက်ရုံမက ကျော်လွန်နေပါပြီ။ ကုလားမုန်းရင်ပြီးရော၊ ဒေါ်စုမုန်းရင်ပြီးရော၊ NLD အလိုမရှိ၊ UN အလိုမရှိမူဟာ လက်ရှိသမိုင်းမှာ ဘယ်အတိုင်းအတာထိ ခရီးရောက်ခဲ့ပြီလဲဆိုတာ စဉ်းစားကြဖို့လိုပါတယ်။

 

ရခိုင်တိုင်းရင်းသားတွေ လူထုဆက်ဆံရေးကို နည်းဗျူဟာကျကျ သွားကြဖို့ လိုနေပါပြီ။ ကိုယ်လိုချင်တဲ့၊ ကိုယ်ပြချင်တဲ့ရင်ထဲက အရာဟာ "အလိုမရှိ" ဆိုင်းဘုတ်အောက်မှာပဲ ပျောက်ကွယ်နေတာ ကြာလှပါပြီ။

 

ကျနော် ထပ်ပြောချင်တာက...
"
ရင်ထဲက ပြဿနာတွေ မြင်အောင်ကြည့်နိုင်စေဖို့ ရင်ထဲကို မြင်အောင် ပြဖို့ လိုပါတယ်။ ပြသပုံပြသနည်းမှန်ဖို့လိုပါတယ်။"

 

(၂၂၊ ဒီဇင်ဘာ၊ ၂၀၁၆)



About Mratt

သတင်း၊ ဆောင်းပါးနဲ့ ဖန်တီးစာတွေ ရေးတယ်။ စာရေးခြင်းနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုတယ်။ ကဗျာတွေကို ချစ်တယ်၊ ဂစ်တာ နည်းနည်း တီးတယ်။ Blues ကို သစ်ရွက်ခြောက်တွေကြား ခံစားတယ်။ ရံဖန်ရံခါ Heavy Metal တွေ နားထောင်တယ်။ Fixed Gear စက်ဘီး စီးတယ်။ ဘာသာတရားကိုးကွယ်မှုကို လေးစားပေမယ့် မယုံကြည်ဘူး။