ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ဘယ်ကို ဦးတည်နေသလဲ

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ဘယ်ကို ဦးတည်နေသလဲ

မောင်တောပြဿနာဖြစ်ပြီးနောက်ပိုင်း တောက်လျှောက် စောင့်ကြည့်မိတဲ့အထဲမှာ ဥပရောပသမဂ္ဂ (EU) ရဲ့ လုပ်ဆောင်ချက်တွေနဲ့ အသံပါပဲ။ ခုတော့ EU ဆီက အသံတခု ထွက်လာပါတယ်။ ဒါကတော့ တတိယနိုင်ငံတွေမှာ "ရိုဟင်ဂျာ" တွေကို နေရာချထားပေးဖို့ဆိုတာ အင်မတန် ခက်ခဲ ပါသတဲ့။

 

ဒီလိုဖြစ်လာနိုင်မယ်လို့ ကြိုတင်တွေးတောထားတဲ့ အတွေးတစ ရှိပါတယ်။

မြန်မာစစ်တပ်ရဲ့ "ရှင်းလင်း စစ်ဆင်ရေး" အပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး သွားကြတဲ့ မွတ်ဆလင်ဒုက္ခသည်တွေဟာ နောက်ဆုံးစာရင်းဇယားတွေအရ ရ သိန်းနီးပါး ရှိနေပါပြီ။ ကော့စ် ဘဇားမှာ ရှိနေတဲ့ ဒီ သိန်းချီ ဒုက္ခသည်စခန်းတွေမှာ နေ့စဉ်၊ အချင်းချင်းသတ်ဖြတ်မှုတွေ၊ မြန်မာနိုင်ငံကို ပြန်ရေးနဲ့ပတ်သက်ပြီး ခြိမ်းခြောက်မှုတွေလည်း ရှိနေပါတယ်။

 

တဖက်မှာလည်း ဒီများပြားလှတဲ့ လူထုကို ဘင်္ဂလားဒေ့ရှ်အစိုးက လုံခြုံရေး၊ ဒေသခံတွေနဲ့ ဒီဒုက္ခသည်တွေကြားက ပဋိပက္ခတွေအပြင်၊ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ လူသစ်စုဆောင်းမှုတွေကိုပါ စောင့်ကြည့်နေရတော့ ဒီဒုက္ခသည်တွေကို ဖြစ်နိုင်သမျှ မြန်မြန် နေရာရွှေ့ပြောင်းစေဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

 

ဒုက္ခသည် ပြန်လည်လက်ခံရေးကို ဇန်နဝါရီ ၂၃ မှာ ပြန်စတင်ဖို့ နှစ်နိုင်ငံသဘောထားခဲ့ပြီး ပြန်လည်လက်ခံရေးအတွက် လုပ်ငန်းစဉ်တွေကို မြန်မာအစိုးရအနေနဲ့ မောင်တောမှာ အလျင်အမြန်ဆောင်ရွက်နေတာကို မြင်ရပါတယ်။ ပြန်လာမယ့်ဒုက္ခသည်တွေကို နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်တွေပါ ပူးတွဲလုပ်ဆောင်ဖို့ စီစဉ်ထားတာတွေလည်း သိရပါတယ်။ မြန်မာအစိုးရအနေနဲ့ ပြန်လည်လက်ခံရေးအတွက် အဆင်သင့်ဖြစ်ပြီလို့ ပြောဆိုနေပေမယ့် ဒုက္ခသည်တွေ နေထိုင်ရမယ့် နေရာတွေမှာ ရာခိုင်နှုန်းတော်တော်များများ ပြီးစီးမှုမရှိသေးတာလည်း တွေ့ရပြန်ပါတယ်။

 

ဒါပေမယ့် လွန်ခဲ့တဲ့တပတ်ကပဲ ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးအတွက် ဘင်္ဂလားဒေ့ရှ်ဖက်က အဆင်မပြေသေးဘူးလို့ ထုတ်ပြောလိုက်ပါတယ်။ အဲ့ဒီနောက်မှာ ဥရောပသမဂ္ဂရဲ့တတိယနိုင်ငံမှာ အခြေချဖို့ အင်မတန်ခက်ခဲတယ်တယ်ဆိုတဲ့ ပြောစကားတွေ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ အခြေအနေတခုလုံးကို ခြုံကြည့်ရင် အစိုးရနှစ်ဖက်လုံးက ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးကြိုးစားနေကြပေမယ့် ဒုက္ခသည်စခန်းတွေထဲက ခေါင်းဆောင်တွေနဲ့ လော်ဘီတွေကတော့ မြန်မာနိုင်ငံကို တောက်လျှောက် ဖိအားပေးနေသလို ပြန်လာဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ဖက်ကို ဦးတည်နေပါတယ်။

 

နိုင်ငံတကာ သတင်းဌာနတွေကလည်း မြန်မာနိုင်ငံကို ပြန်လာဖို့ မဖြစ်နိုင်ဘူး ဆိုတဲ့ နှပ်ကြောင်းတွေကို ဦးတည်နေတာကို တွေ့ရပါတယ်။ ဒါဆိုရင် ဒီဒုက္ခသည်တွေရဲ့ ဦးတည်ချက်၊ လားရာဟာ ဥရောပနဲ့ တတိယနိုင်ငံတွေ ဖြစ်တယ်ဆိုတာ ထင်သာမြင်သာ ဖြစ်လာတာပဲ ဖြစ်ပါတယ်။

 

ဒီပြဿနာဟာ ဒေသတွင်းမှာ လိပ်ခဲတည်းလည်း ရှိနေဦးမှာဖြစ်သလို မြန်မာနိုင်ငံကိုလည်း ပြန်မလာဘူး၊ တဖက်မှာ ဒုက္ခသည်စခန်းမှာလည်း ဆက်နေလို့မရအောင် ဘင်္ဂလားဒေ့ရှ်ဖက်က ဖိအားပေးနေတာတွေ ရှိတော့ ဘင်္ဂလားဒေ့ရှ်ရဲ့ ခိုးဝင်ရွှေ့ပြောင်းမှုဒဏ်ကို အကြီးအကျယ်ခံစားနေရတဲ့ အိန္ဒိယနိုင်ငံဟာလည်း ဒီပြဿနာဟာ သူတို့ဖက်ကို လှည့်လာနိုင်တယ်ဆိုပြီး စိုးရိမ်မှု မြင့်တက်နေပါတယ်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယအရှေ့မြောက်ပိုင်းဟာ မြန်မာနိုင်ငံက ရခိုင်ဒေသလိုပဲ ရွှေ့ပြောင်းအခြေချမှုပြဿနာကို ရာစုနှစ်ချီခံစားနေရတာပါ။

 

ဒီလိုအခြေအနေမျိုးမှာ ဥရောပသမဂ္ဂရဲ့ ခုလို ပြောဆိုချက်တွေဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ လက်ရှိခံစားနေရတဲ့ ဒီပြဿနာကြီးကို သူတို့အနေနဲ့ မျှဝေခံစားမှာ မဟုတ်ဘူးဆိုတာ မီးနီပြလိုက်တာလဲ ဖြစ်ပြန်တယ်။

 

ဘာကြောင့်လဲ…?

 

ဒီဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်လာခဲ့ရင် လက်ရှိ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ အရှိန် လျော့ကျသွားနိုင်ပါတယ်။ လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတွေဟာ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်လာခဲ့ရင် အရှိန် ရပ်သွားနိုင်တာကို အကျိုးစီးပွားမကင်းသူတွေကလည်း စိုးရိမ်နေကြတာပဲ ဖြစ်ပါတယ်။

 

တဖက်မှာတော့ဥရောပနိုင်ငံတွေဟာ အရှေ့အလယ်ပိုင်း၊ ယီမင်နဲ့ ဆီးရီးယားက မွတ်ဆလင်ဒုက္ခသည်တွေကို ပြန်လည်လက်ခံလာခဲ့တာ ဒီဖက် ဆယ်စုနှစ်မှာ အများဆုံးအခြေအနေကို ရောက်ရှိနေပြီဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ အလိုအရ ဥရောပနိုင်ငံတွေဟာ ဒီဒုက္ခသည်တွေကို ပြန်လည်လက်ခံနေပေမယ့် သူတို့ပြည်တွင်းမှာတော့ ဒုက္ခသည်တွေကို လက်ခံရေးနဲ့ပတ်သက်ပြီး ကန့်ကွက်မှုတွေဟာ အကြီးအကျယ်မြင့်တက်လာနေခဲ့ပါတယ်။

 

အမြင်သာဆုံးဥပမာကို ပြပါဆိုရင် ဥရောပသမဂ္ဂထဲကနေ အင်္ဂလန်နိုင်ငံနုတ်ထွက်သွားတာ၊ ပိုလန်နဲ့ ဆိုဗီယက်တွေဖက်မှာ အမျိုးသားရေးဝါဒကျယ်ပြန့်ကြီးစိုးလာတာတွေဟာ ဒီမွတ်ဆလင်ဒုက္ခသည်တွေ လက်ခံနေမှုနဲ့ တိုက်ရိုက်ကို ဆက်စပ်နေပါတယ်။

 

ဂျာမဏီနဲ့ ဒီဖက်နိုင်ငံတွေမှာ မွတ်စလင်မုန်းတီးရေးတရားတွေ ပြန့်နေပြီးဖက်ဆစ်အမြင်တွေတောင် စတင် လွှမ်းမိုးလာနေပြီဖြစ်ပါတယ်။ ဒီအချိန်မှာ အမေရိကမှာ သမ္မတထရန့် တက်လာပြီးနောက်ပိုင်း ရွှေ့ပြောင်းမွတ်ဆလင်အရေးနဲ့ ပတ်သက်လို့ သူ့ရဲ့ ကြမ်းတမ်းတဲ့ မူဝါဒတွေကို တချိန်တည်းမှာ ပြဌာန်းလာတာဟာလည်း မြင်သာတဲ့အချက်ပါပဲ။

 

အမေရိကန်၊ ကနေဒါနဲ့ ဥရောပနိုင်ငံတွေဟာ ဒုက္ခသည်တွေ လက်ခံဖို့၊ ကမ္ဘာအနှံ့က ဒုက္ခသည်တွေရဲ့ ဦးတည်ရာပဲဖြစ်ပါတယ်။ ဒါပေမယ့် များပြားလွန်းပြီး လုံခြံုရေးကို စိတ်ပူနေပြီဖြစ်တဲ့ ဒီနိုင်ငံတွေဟာ ဖွ့ံဖြိုးမှုနောက်ကျပြီး ပြဿနာပေါင်း သောင်းခြောက်ထောင်ရှိနေတဲ့ နိုင်ငံတွေက ဒုက္ခသည်တွေကို နောက်ထပ် လက်မခံလိုကြတော့ပါဘူး။

 

ဥရောပသမဂ္ဂ သံတမန်ကရွှေ့ပြောင်းအရေးပြဿနာဟာ ကျမတို့ဆီမှာလည်း အိမ်တံခါးထိတောင် ရောက်နေတာပါလို့ ပြောဆိုသွားတာပါ။

 

ဒါပေမယ့် တဖက်မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ဒီဒုက္ခသည်တွေဟာ မြန်မာနိုင်ငံကို ပြန်မလာရဲဘူး၊ လုံခြံုရေးအတွက် စိုးရိမ်နေရတယ် စသဖြင့် နိုင်ငံတကာ သတင်းတွေနဲ့ အဖွဲ့အစည်းတွေရဲ့ တွန်းအားပေးမှု၊ ဖိအားပေးမှုတွေဟာ မြန်မာနိုင်ငံကိုအပေါ် ဆက်တိုက်ရှိနေပြန်ပါတယ်။ မြန်မာနိုင်ငံကို ဒီဒုက္ခသည်နဲ့ မွတ်ဆလင်ပြဿနာတွေကို နိုင်ငံတကာရဲ့ ပုံဖော်မှုနဲ့ ဝေဖန်နေမှုတွေဟာ (ဖြစ်စဉ်တွေကို ပြန်လှန်ကြည့်ရင်) မြန်မာနိုင်ငံအတွက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်၊ ဒုက္ခသည်တွေအတွက်၊ ဒီဒုက္ခတွေကို ခံစားနေရတဲ့ ဒေသခံတွေအတွက် အဆိုးဖက်ကိုပဲ ဦးတည်နေတာ တွေ့ရမှာပါ။

 

ပြဿနာ ပြေလည်ရေးလမ်းကြောင်းကို သွားနေတာ မဟုတ်ဘဲ ပြဿနာကို ဆက်လက်တည်တံ့နေစေပြီး အခြေအနေကို ဆိုးရွားသည်ထက် ဆိုးရွာလာစေပါတယ်။ ဒီအချိန်မှာ နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် ဆက်လက် ဖိအားပေးနေပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တောက်လျှောက်တိုက်ခိုက်လာနေပါတယ်။ ဒါဟာလည်း တိုင်းပြည်အတွက် အထိနာတဲ့ ထိုးနှက်ချက်တွေဖြစ်သလို လက်ရှိခံစားနေရတဲ့ တိုင်းပြည်ရဲ့ အနာကြီးဟာလည်း ကုရာနထ္တိဖြစ်လာစေတော့တာပါပဲ။

 

မြန်မာနိုင်ငံက လက်ရှိကြံုနေရတဲ့ပြဿနာဟာ အစိုးရတခုရဲ့ အသက်တမ်းတခုအတွင်းမှာ ပြီးပျောက်သွားမှာ မဟုတ်ပါဘူး။ ဒီလိုပဲ ဒေသတွင်း ပြဿနာတင် မဟုတ်တော့ဘဲ ကမ္ဘာချီပြဿနာဖြစ်လာတဲ့ ဒီကိစ္စကြီးကို ရေရှည်မဟာဗျူဟာချရာမှာ ပိုပြီးကျယ်ပြန့်တဲ့အမြင်နဲ့ ရှေ့ဆက်သွားဖို့ လိုပါကြောင်းလည်း တိုက်တွန်းလိုက်ရပါတယ်။

 

ဓာတ်ပုံ - AFP



About Mratt

သတင်း၊ ဆောင်းပါးနဲ့ ဖန်တီးစာတွေ ရေးတယ်။ စာရေးခြင်းနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုတယ်။ ကဗျာတွေကို ချစ်တယ်၊ ဂစ်တာ နည်းနည်း တီးတယ်။ Blues ကို သစ်ရွက်ခြောက်တွေကြား ခံစားတယ်။ ရံဖန်ရံခါ Heavy Metal တွေ နားထောင်တယ်။ Fixed Gear စက်ဘီး စီးတယ်။ ဘာသာတရားကိုးကွယ်မှုကို လေးစားပေမယ့် မယုံကြည်ဘူး။