မွတ်စလင်တွေအကြောင်း ဘာကြောင့် ရေးရသလဲ

လူတွေက မေးကြတယ် "မင်း မွတ်စလင်အကြောင်းတွေ ရေးလှချည်လား၊ ဘာလို့လဲ" တဲ့။ တယောက်စ နှစ်ယောက်စ ဆိုရင်တော့ ပြဿနာမရှိပေမယ့် နည်းနည်းများလာတော့ ပြောမှ ရတော့မယ်။ တချို့ဆို ဘယ်လိုတောင် ပြောလည်း ဆိုတော့ "ဘယ်ကနေ ဖန်ဒင် (funding) ရထားတာလဲ၊ ဘယ်အဖွဲ့က ထောက်ပံ့တာလဲ" ဆိုတာတောင် ပါသေးတယ်။ ဝမ်းနည်းမိတယ်။

ဒီလိုပါ မနှစ်က ရေးခဲ့တဲ့ "ဗမာမွတ်စလင်" ဆောင်းပါး၊ "တဘလိဂ်" အကြောင်း ဆောင်းပါးတွေဆိုရင် မန်းလေးမှာ တလ၊ ကိုးသီတင်းနေပြီး အချက်အလက်ရှာ၊ စကားပြော ရေးခဲ့တာ။ ရုံးက ပိုက်ဆံ ပြန်မတောင်းခဲ့ပါဘူး။ ကိုစန်းယုကျော်ရဲ့ အကူအညီပေးမှုကြောင့် မန်းလေးဂျာနယ်လစ်ဇင်သင်တန်းကျောင်းမှာ အခမဲ့ တည်းခိုခွင့်ရတယ်၊ နောက် သူငယ်ချင်းတယောက်အိမ်မှာ နေခဲ့တယ်၊ ရက်တော်တော်များများကိုတော့ ဟိုတယ်မှာ တည်းခဲ့တယ်။

စုထားတဲ့ ပိုက်ဆံတွေထဲက အတော်များများ ထွက်သွားတယ်။ ဒါပေမယ့် ဆောင်းပါးတွေ ထွက်လာတဲ့အခါ ကုန်ထားတာနဲ့ လုံးဝနှိုင်းယှဉ်လို့ မရအောင် ပီတိဖြစ်ရတယ်။ ဒီဆောင်းပါးတွေကနေ ကွင်းဆက်ဖြစ်နေတဲ့ အကျိုးကျေးဇူးတွေကိုလည်း ခုထိ မြင်နေရတုန်းပါပဲ။

ခုနောက်ဆုံး ရွှေဘို၊ ကန့်ဘလူဘက်က မွတ်စလင်တွေအကြောင်း မန်းက မိတ်ဆွေတဦးရဲ့ ကောင်းမှုနဲ့ စ, သိရာကနေ လိုက်ခဲ့တယ်။ ခု ပထမ တပုဒ် "ကန့်ဘလူက မြန်မာ-အာရ်ဗီ သိပ္ဗံကျောင်း" အကြောင်း ထွက်လာပြီ။ နောက်ထပ် တပုဒ် ကျန်ပါသေးတယ်။

ဒါတွေရေးဖို့အတွက် ကျနော် ရုံးက ပိုက်ဆံမတောင်းပါဘူး။ ကိုယ်ရေးချင်တဲ့ ဆောင်းပါးကို ကိုယ်တိုင်ရှာဖွေပြီး ကိုယ့်ပိုက်ဆံ ကိုယ်သုံးပြီး ရေးပါတယ်။ ဒီလိုပြောလို့ မင်းရုံးက ပိုက်ဆံမပေးဘူးလားမေးရင် ပေးပါတယ်။ တချို့စတိုရီတွေအတွက် ကျနော်ကိုယ်တိုင်၊ သွားချင်တာသွား၊ စားချင်တာစား၊ အိပ်ချင်တဲ့နေရာ အိပ်တယ်၊ ခွင့်ရက်တွေ၊ ရုံးပျက်ရက်တွေကိုလည်း ရုံးက ခွင့်လွှတ်နားလည်ပေးတယ်။

အကောင်းဆုံးတခုကတော့ ကျနော် ရေးချင်တာရေး၊ သွားချင်တဲ့နေရာသွား ကျနော့်ကို နားလည်ပေးတဲ့ အယ်ဒီတာတွေနဲ့ ရေးသမျှကို ယုံယုံကြည်ကြည် ဖော်ပြပေးတဲ့ စာမျက်နှာ ရှိနေတာက ကျနော့်အတွက် ရွှေ ပါပဲ။ ဒါကြောင့် ကျနော်ရတဲ့ လစာထဲကနေ ကျနော့်ကိုယ်တိုင်ကြိုက်တဲ့ စတိုရီတွေအတွက် သုံးပါတယ်။.... ဒါက ဘတ်ဂျက်အကြောင်းပေါ့။ (ဒါကလည်း ပွင့်ပွင့်လင်းလင်းပြောရရင် အိမ်ထောင် မကျသေးလို့သာ မိုက်နိုင်တာ လို့ ဆိုရမယ်။ မဟုတ်ရင် ဘယ်လွယ်မလဲ)

နောက်တခုက မွတ်စလင်အကြောင်းကို ဘာကြောင့် အာရုံစိုက်ရသလဲ ဆိုတာပါ။ အဖြေက မွတ်စလင်အကြောင်းကို "ကျနော်တို့ မသိလို့" ဆိုတာပါပဲ။ မွတ်စလင်ကိစ္စဟာ ကမ္ဘာလုံးချီ ဆွေးနွေးစရာဖြစ်လာပြီး၊ နိုင်ငံတိုင်းမှာ ရယ်ဒီကယ်လစ်ဇင်၊ အစွန်းရောက်ဝါဒနဲ့ အမျိုးသားရေးကိစ္စတွေဟာ မွတ်စလင်တွေနဲ့ ဒွေးရောယှက်တင် ဖြစ်နေ/လာတာပါ။

ဒီအခြေအနေဟာ ဒေသတွင်း အင်ဒိုးနီးရှားမှာ၊ ထိုင်းမှာ၊ စသဖြင့် အသိုင်းအဝိုင်းကြား သမူဟ မဖြစ်မှုကနေ ပေါက်ကွဲလာတဲ့ ပြဿနာတွေကို မြင်နေကြရပါပြီ။ မွတ်စလင်တွေနဲ့ပတ်သက်ရင် "ပါးစပ်ပြော" နဲ့ တဆင့်စကား" တွေကသာ ကျနော်တို့ နားရည်ဝခဲ့ပြီး ဗုဒ္ဓဘာသာဝင်အများစု လွှမ်းမိုးတဲ့ မြန်မာ့လူ့အဖွဲ့အစည်းဟာ အဲ့ဒီတိုင်း "ဟုတ်နိုးနိုး" တွေနဲ့ လည်ပတ်နေတာပါ။

အနေဝေးရင် သံသယများပါတယ်။ စကားမပြောဖြစ်ရင် နားလည်မှု မရှိနိုင်ပါဘူး။ သံသယဆိုတာ ပြဿနာဖြစ်ဖို့အတွက် အကောင်းဆုံး လမ်းစ (မီးစ) လည်းဖြစ်ပါသေးတယ်။ ဒါကြောင့် ကျနော်တို့ မသိတဲ့အကြောင်းအရာတွေ ပိုသိလေလေ၊ သံသယနည်းလေလေ ပိုကောင်းတဲ့ လူ့အဖွဲ့အစည်းကို ပုံဖော်နိုင်လေလေလို့ ကျနော်က ယုံကြည်တယ်။ ဒါကြောင့် ဘာသာရေးဆိုင်ရာကိစ္စတွေကို ပိုရေးဖြစ်၊ ပိုစိတ်ဝင်စားဖြစ်ပါတယ် ဆိုတဲ့အကြောင်း....



About Mratt

သတင်း၊ ဆောင်းပါးနဲ့ ဖန်တီးစာတွေ ရေးတယ်။ စာရေးခြင်းနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုတယ်။ ကဗျာတွေကို ချစ်တယ်၊ ဂစ်တာ နည်းနည်း တီးတယ်။ Blues ကို သစ်ရွက်ခြောက်တွေကြား ခံစားတယ်။ ရံဖန်ရံခါ Heavy Metal တွေ နားထောင်တယ်။ Fixed Gear စက်ဘီး စီးတယ်။ ဘာသာတရားကိုးကွယ်မှုကို လေးစားပေမယ့် မယုံကြည်ဘူး။