ပိုင်စိုးဝေ ဆိုတာ အဖိုးကြီး…ပဲ

ပိုင်စိုးဝေ ဆိုတာ အဖိုးကြီး…ပဲ


တက္ကသိုလ်ပထမနှစ်တုန်းကသိန်းစွန်ငှက်အပြန်လမ်းဆိုတဲ့ ကဗျာစာအုပ်ဖတ်ရတယ်။ ကျနော့်ဇာတိ သံတွဲမြို့ကနေ ရန်ကုန်က ဒဂုံတက္ကသိုလ်မှာ လာတက်ရတော့ အမေနဲ့ရွာဆိုတာ အဝေးက လွမ်းရတဲ့ ခမ်းနားမှုတခုပေါ့။ ပိုင်စိုးဝေရဲ့ သိန်းစွန်ငှက် ကဗျာထဲက

 

ကျနော်ကတော့

နွေဦးရက်တွေအကြောင်း
သီချင်းမဆိုနိုင်တဲ့
ဥသြငှက်တကောင်ရဲ့ ကြေကွဲမှုလို
ယာခင်းထဲက အမေ့ဘဝကို
အဝေးကပဲ
တမ်းတပူဆွေးခဲ့သူပါ အမေ

 

ဒီစာပိုဒ်တွေ အလွတ်ရခဲ့တာပေါ့။ အပြင်မှာ ကျနော့်အမေက ယာခင်းထဲမှာ မဟုတ်ပေမယ့် ပိုင်စိုးဝေဟာ ကျနော့်အမေကို ချက်ချင်း ယာခင်းထဲ ပို့ပစ်လိုက်သလိုပဲ။ ကျနော်ကိုယ်တိုင်ဟာလည်း ဥသြငှက်ဖြစ်သွားရဲ့။

 

ကျနော် မငိုရဲတော့ပါဘူး အမေ
ငိုဖို့ရာ ရှက်လှပါတယ် အမေ
အမေနဲ့အတူ
အမေ့ကို ခြေဆုပ်လက်နယ်ပြုခဲ့တဲ့
ဟောသည် ကလေးလေးတွေ
သူတို့ ငိုပါစေ
ကြေးစည်ကို သူတို့ ရိုက်နှက်ကြပေါ့
လှည်းဘီးကို သူတို့ တွန်းကြပေါ့

 

ပိုင်စိုးဝေဆိုတဲ့ကဗျာဆရာရဲ့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်သံမှာ ကျနော်ကိုယ်တိုင် မခံမရပ်နိုင်ဖြစ်။ သံဝေဂတွေလည်း တရစ်ရစ် ရခဲ့တယ်။ အဲ့ဒီတုန်းက ညတွေမှာ ကြေးစည်သံတွေ ကျနော်ကိုယ်တိုင်ကြားယောင်ခဲ့ဖူးတယ်။

ကျောင်း()လ ပြီးတော့ ကျနော် ရွာအပြန် ရွာအဝင်မှာ ကျနော့်ရွာသင်္ချိုင်းကိုဖြတ်ရတယ်။

 

ကျနော့်အမေအသက်ကြီးပြီ၊ ကျနော်သူ့အနားရှိမနေနိုင်ဘူး။ ဒါပေမယ့် အိမ်ကိုရောက်တော့ အမေဟာ ကျနော်ကြိုက်တဲ့ဟင်းတွေ ချက်ထားတုန်း၊ ကျနော့်အဝတ်တွေ မမောမပန်းလျှော်ပေးတုန်း။ ပိုင်စိုးဝေရဲ့ ရှက်ရွံ့မှုလောက်တောင် ကျနော် မရှက်တတ်ခဲ့လို့ ကျနော့်ညတွေ ကျနော်ကိုယ်တိုင် အဆိပ်ခတ်ခဲ့ဖူးတယ်။ ကျောင်းပိတ်ရက်အပြီး ရွာကအပြန် သင်္ချိုင်းကို တကြိမ်ဖြတ်ရပြန်တယ်။ ကျနော့်နားထဲ ကြေးစည်သံလိုလို လှမ်းကြားရတယ်။ ကျနော် ကားပေါ်မှာ မျက်ရည်ကျမိတယ်။

 

နောက်တော့လည်း ကျောင်းသားသဘာဝ မေ့မေ့ပျောက်ပျေက်ပဲ။ တနှစ်လောက်ကြာမယ်။ ပိုင်စိုးဝေရဲ့ဣထိယတောတန်းဆိုတဲ့ကဗျာစာအုပ်ထွက်လာတယ်။ မှတ်မိသေးတယ် စာအုပ်မျက်နှာဖုံးစာလုံး ပုံစံအဆန်းနဲ့။ အဲ့ဒီမှာ

 

အမှန်တရားကို ဝန်ခံဖို့ရာ
မုသားတစ်ဝက်နဲ့ ငါရောက်လာခဲ့တာ
မင်းက ငါ့ကိုထင်နေရော့လား။
ဟေ့ ..မိဝင်း
မင်းက ငါ့ကို အဲသလိုမျိုး
ထင်နေသလား။
လူတချို့ကတော့ ဒါကို
အချစ်လို့ ဆိုကြတာပဲ
ငါကတော့
ငါ့နုပျိုမှုဆီ နောက်တကြိမ်ပြန်ရောက်လာတဲ့
ငါ့နှလုံးသားရဲ့ အော်သံလို့သာ
ဆိုလိုက်ချင်ရဲ့

 

ကျနော်ဟာ အဲ့ကဗျာအဆုံးမှာ ငါဟာ လူငယ်တဦးပဲ။ အချစ်ကို ငတ်မွတ်နေသူ၊ လွတ်လပ်မှု၊ အမှန်တရားကို မြတ်နိုးသူပဲငါ့ဆုံးဖြတ်ချက်အတွက် ဘယ်သူ့ကိုမှ ဦးညွတ်မှာမဟုတ်ဘူး ဆိုတဲ့ အသံကို ကိုယ့်ဘာသာ ပြန်ကြားရတယ်။ "မိဝင်းဖို့" ကဗျာတွေဟာ အသည်းကွဲတတ်တဲ့ ကျနော့်တို့ဆယ်ကျော်သက်နေ့ရက်တွေမှာ ဘယ်အလင်းဆိုင်မှ မလိုလောက်အောင် ပြည့်စုံခဲ့တယ်။

 

အဲ့ဒီအချိန်ထိ ကျနော့်အသိစိတ်ထဲမှာ ပိုင်စိုးဝေဆိုတာ အသက် ၂၅ နှစ်ကျော်၊ ရှိလှ ၃၅ လောက်လို့ပဲ အမြဲမြင်ယောင်ပြီး ချစ်ခဲ့ရတယ်။ ၂၀၀၇ ခုနှစ်လောက်တုန်းက... နောက်ပိုင်း မဂ္ဂဇင်းတွေမှာ အင်တာဗျူးတွေ၊ ကဗျာစာအုပ်တွေမှာ အမှာစာရေးတာတွေတွေ့တော့မှ ဟာပိုင်စိုးဝေဆိုတာ အဖိုးကြီးပဲ လို့ သိလိုက်ရတယ်။ ဗြုန်းကနဲ လက်မခံချင်ခဲ့ဘူး။ ဒီလိုအသက်အရွယ်ကြီးနဲ့ ဒီလူကြီးက ဒီလိုကဗျာတွေ ဘယ်လိုရေးမလဲပေါ့။ အရင်ကပိုင်စိုးဝေ၊ ပိုင်စိုးဝေလို့ ကဖျက်ကယက်ခေါ်ခဲ့တဲ့ကျနော်ဟာ အဲ့ဒီနောက်ပိုင်းဆရာပိုင်စိုးဝေလို့သာ လေးစားကြည်ညိုစွာ ခေါ်ခဲ့တော့တယ်။

 

နောက်တော့ ဘွဲ့တွေရ၊ အလုပ်တွေလုပ်နဲ့ နှစ်တွေ အတော်အကြာ ကျနော်မဇ္စျိမသတင်းစာမှာ အလုပ်လုပ်နေတုန်း မန္တလေးသွားဖို့ကြုံရတယ်။ ဒါပေမယ့် အကြောင်းမတိုက်ဆိုင်လို့ မလိုက်ဖြစ်ခဲ့ဘူး။ ကျနော့်သူငယ်ချင်းတယောက်က ကျနော့်လိုပဲ ဆရာပိုင်စိုးဝေရဲ့ ပရိတ်သတ်ဖြစ်လေတော့ မန္တလေးသွားရင် ဆရာ့ဆီဝင်မယ့်အကြောင်း ပြောတယ်။ အဲ့တုန်းက ရန်ကုန်မှာ ကျနော်ဝမ်းနည်းကျန်ခဲ့ရတယ်။ ကျနော့်သူငယ်ချင်းက ဆရာနဲ့တွေ့ခဲ့ပြီး ဆရာ့အကြောင်းတွေ ပြန်ပြောပြခဲ့တယ်။

 

သူက ဆရာ့ကို မေးတယ်။ဆရာရေးခဲ့တဲ့ကဗျာတွေထဲမှာ ဘယ်ကဗျာကို အမှတ်ရ၊ အနှက်သက်ဆုံးလဲ။ သူငယ်ချင်းစိတ်ထဲမှာတော့သိန်းစွန်ငှက်အပြန်လမ်းလို့ ဖြေမယ်ထင်ခဲ့တယ်။ ဒါပေမယ့် ဆရာ့ အဖြေကနေရောင်ခြည်နှင့်တွေ့ဆုံခြင်းတဲ့။

 

သတိတရ တမ်းတစိတ်တွေနဲ့
ရွှေချထားတဲ့ စကားလုံးများမပါဘဲ
မိန်းကလေးရေ
ရိုးရိုးပဲ ငါလွမ်းလိုက်တော့မယ်။
ငါဘယ်လောက်ချစ်ခဲ့တယ်ဆိုတာ
ဘုရားသခင်တောင် ငြင်းနိုင်မှာ မဟုတ်ဘူးကွယ်။
ဘာသာဗေဒမဲ့
မွေဖွားလာခဲ့ရတဲ့ တို့အချစ်များ
နှလုံးသားအကြောင်း ပြောဆိုခွင့်မရှိ

 

ဆရာ့ဆီမှာ အမြဲအဆင်သင့်ဖြစ်နေတတ်တာ ရင်ဘတ်ထဲက ချစ်စရာကောင်းတဲ့ရိုးသားမှု။ ဆရာ့ကဗျာတွေဖတ်ရင်း မရိုးသားမိတဲ့အခိုက်အတန့်တွေမှာ ကဗျာရေးဖို့ကြိုးစားခဲ့ချိန်တွေ ကျနော်ကွယ်ဝှက်ဖို့ကြံစည်ဖူးတယ်။ ဒါပေမယ့် ကျနော်ဘယ်တော့မှ မအောင်မြင်ခဲ့။

 

ကဗျာဆရာတယောက်ရဲ့ ကဗျာစာအုပ် အမှာစာထဲမှာ ဆရာပိုင်စိုးဝေ အမှာရေးတော့ (အဲ့ဒီတုန်းက ကဗျာဗေဒတွေ၊ အရေးအသားပုံစံတွေ တိုက်ပွဲပြင်းထန်နေချိန်) “ကဗျာရဲ့ အဓိပ္ဗါယ်ကို ကဗျာရေးခြင်းနဲ့သာ ဖွင့်ဆိုနိုင်တယ်ဆိုပြီး ရေးခဲ့တယ်။ ဆရာ့ရဲ့ ကဗျာ့အပေါ် စေတနာတွေ။

 

ဒီနေ့ (ဇွန် ၂၇ ရက်၊ ၂၀၁၆) မန္တလေးကို ကျနော်ရောက်တော့ ကျနော်အမြဲတွေ့ချင်ခဲ့တဲ့ ဆရာ့ဆီ ရောက်ခဲ့တယ်။ ဆရာ ဆူးငှက်၊ မန်းသတင်းစာသင်တန်းကျောင်းက ဆရာစန်းယုကျော်၊ နောက် သတင်းစာဆရာ ဆရာသန်းနိုင်ဦးတို့ရဲ့ ကျေးဇူးနဲ့ပေါ့။

 

ဆရာဟာ ခုံရှည်ပေါ် စောင်းပါးလေးခင်း၊ လှဲနေရာက အသံတွေကြားတော့ အားယူထလာတယ်။ တချိန်က အသက် ၂၅ ကျော်ကျော်လောက်ပဲရှိမယ်လို့ ကျနော့်စိတ်ထဲ စွဲခဲ့တဲ့ ဆရာပိုင်စိုးဝေဟာ လေဖြတ်တဲ့ဒဏ်ခံထားရတော့ စကားတွေ သိပ်မပီချင်တော့ဘူး။ ဆံပင်တွေ ကျိုးတိုးကျဲတဲ။ မျက်လုံးအရွေ့တွေက အစီအစဉ်သိပ်မကျချင်ဘူး။

 

ဆရာ့ဆီက စကးသံထွက်လာတယ်။ဝမ်းသာတယ်ဗျာ၊ ဝမ်းသာတယ်တဲ့။ ဆရာဟာ အမြဲစကားပြောဖော် မျှော်နေရပုံပဲ။ တချိန်က လူအများကြီးကို တကြိမ်တည်းနဲ့ စကားတွေအများကြီး၊ အတွေးအခေါ်တွေအများကြီး ပေးခဲ့၊ ပြောခဲ့သူဟာ အခု စကားပြောဖော်မရှိတော့ဘူး။ ဆရာ့အသက် ၇၄ နှစ်ရှိပြီ။ ဆရာ့အတွက် ဝယ်လာတဲ့ ပစ္စည်းတွေ ပေးရင်း

 

ဆရာ ဘယ်တုန်းက ကဗျာနောက်ဆုံးရေးခဲ့တာလဲလို့ မေးတော့

အသက် ၇၁ နှစ်ပြည့်ကလို့ မဆိုင်းမတွဖြေတယ်။

ဆရာ့မှတ်ဉာဏ်တွေ ကောင်းနေသေးတယ်။

ဆရာကဗျာတွေ ဖတ်ဖြစ်သေးလား

မဖတ်ဖြစ်တော့ဘူး။ ဖတ်ပြမယ့်သူလည်း မရှိဘူး။

 

ခုခေတ်က ပုံစံတွေကို အားကိုးကြတယ်။

အရေးအသားတွေ အားကိုးကြတယ်။

ခံစားချက်မပါတော့ဘူးလို့ ဆရာက ဖြည်းဖြည်းချင်းပြောတယ်။

ဆရာကျနော့်ကဗျာလေး ဆရာ့ကို ရွတ်ပြချင်တယ် ပြောတော့

ဝမ်းသာလိုက်တာဗျာတဲ့။

 

ဆရာရဲ့ ဘဝ၊ ဆရာ့အမေရဲ့ ကြေးစည်သံတွေနဲ့ ကဗျာတောတိုးခဲ့တဲ့ကျနော်၊ အမေ့အကြောင်းရေးထားတဲ့ ကျနော့်ရဲ့ (ကြွေရောင်ငါး) ကဗျာ ရွတ်ပြတော့ ဆရာဟာ ကလေးတယောက်လို မဲ့ကာ၊ မဲ့ကာ မျက်ရည်တွေကျတယ်။

 

ကဗျာရွတ်နေရင်း ဆရာဟာ ကျနော့်လက်တွေ ဆုပ်ကိုင်ထားတယ်။ ကျနော် ကဗျာဆက်ရွတ်ရမလား၊ ရပ်လိုက်ရမလား ဝေခွဲမရဘူး။ နှစ်မိလောက်အကြာ ကဗျာရွတ်ပြီးတော့ ဆရာဟာ ရှိုက်သံနဲ့အတူ မျက်ရည်သုတ်လိုက်တယ်။ကျေးဇူးတင်ပါတယ်၊ ဝမ်းသာလိုက်တာဗျာလို့ ကျနော့်လက်ကို ကိုင်ထားရင်း ပြောတယ်။

 

ဆရာ့ဆီကအပြန်တော့ တချိန်ကပိုင်စိုးဝေဆိုတာ အဖိုးကြီး..ပဲလို့ အံ့သြခဲ့တဲ့ကျနော် ဆက်ပြီး မအံ့သြနိုင်တော့ဘူး။ တချိန်က (ကျနော်က) ဘယ်နေရာမှာနေမှန်းတောင်မသိဘဲ ကျနော့်ကို စကားတွေ အများကြီးပြောနေခဲ့သူ၊ သူ့ပရိတ်သတ်တွေကို စကားတွေအများကြီးပြောခဲ့သူဟာ စကားပြောဖော်မျှော်တဲ့ အဖိုးကြီးတယောက် အဖြစ်နဲ့ သူ့အိမ်ကလေးထဲ ကျန်ခဲ့ရှာတယ်

 

(၂၇၊ ဇွန်၊ ၂၀၁၆)
ခေတ္တ၊ မန္တလေး။



About Mratt

သတင်း၊ ဆောင်းပါးနဲ့ ဖန်တီးစာတွေ ရေးတယ်။ စာရေးခြင်းနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုတယ်။ ကဗျာတွေကို ချစ်တယ်၊ ဂစ်တာ နည်းနည်း တီးတယ်။ Blues ကို သစ်ရွက်ခြောက်တွေကြား ခံစားတယ်။ ရံဖန်ရံခါ Heavy Metal တွေ နားထောင်တယ်။ Fixed Gear စက်ဘီး စီးတယ်။ ဘာသာတရားကိုးကွယ်မှုကို လေးစားပေမယ့် မယုံကြည်ဘူး။